တူရကီငလျင် လူတရာကျော်သေဆုံး

ဗန်မြို့ ငလျင်ဒဏ်ကနေ အသက်မသေ ကျန်ရစ်သူတချို့ ကြောက်လန့်တကြား အော်ဟစ်ပြေးလွှားနေကြပုံ (အောက်တိုဘာလ ၂၃၊ ၂၀၁၁)

တူရကီနိုင်ငံ အရှေ့တောင်ပိုင်းမှာ ပြင်းထန်တဲ့မြေငလျင်တစ်ခု လှုပ်သွားတာကြောင့် လူအနည်းဆုံး ၁၃၈ ဦးသေဆုံးပြီး လူ ၃၅၀ ဒဏ်ရာ ရရှိသွားပါတယ်။ ဗန် ပြည်နယ်မှာ မနေ့ကနေ့လည်ပိုင်းက ပြင်းအား ၇ ဒဿမ ၂ ရှိတဲ့ ငလျင်လှုပ်သွားပြီး နာရီပေါင်းများစွာကြာတဲ့အထိ ကယ်ဆယ်ရေးလုပ်သားတွေဟာ အမှောင်ထဲမှာ မီးအားပေးစက်တွေသုံးပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေနေကြပါတယ်။

ငလျင်ကြောင့် လျှပ်စစ်မီးတွေလည်း ပြတ်တောက်ခဲ့ရသလို အထပ်မြင့် အဆောက်အဦးတွေလည်း ပြိုကျခဲ့ရပါတယ်။ Ercis ဆိုတဲ့မြို့ကတော့ အထိအနာဆုံးဖြစ်ပြီး နောက်ပိုင်းမှာ အင်အားပြင်း နောက်ဆက်တွဲ မြေငလျင်တွေလည်း လှုပ်ခဲ့ပါသေးတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ အစ္စရေး အပါအဝင် နိုင်ငံတွေက အကူအညီပေးထားကြပြီး ဒီမြေငလျင်သတင်းကို အမေရိကန်ပြည်ထောင်စုက ဂရုတစိုက် စောင့်ကြည့်နေ ပါကြောင်းနဲ့ ဒီလို ဒုက္ခကြုံရတဲ့အချိန်မျိုးမှာ တူရကီနဲ့အတူ ရင်ဘောင်တန်း ရပ်တည်နေပါကြောင်း
အမေရိကန်သမ္မတ ဘရက်အိုဘားမားက ပြောပါတယ်။

ပြိုကျတဲ့အဆောက်အဦးတွေထဲမှာ ဟော်တည်တွေနဲ့ အဆောင်တစ်ခုလည်း ပါဝင်ပါတယ်။ ငလျင်လှုပ်ပြီး
နာရီပေါင်းများစွာကြာတဲ့အထိ အပြိုအပျက်ပုံအောက်တွေထဲမှာ ပိမိနေသူတွေရဲ့ ညည်းညူသံတွေ ကြားနေရတယ်လို့ ကိုယ်တွေ့ကြုံခဲ့သူတွေက ပြောကြပါတယ်။ Ercis မြို့တော်ဝန်က အရေးပေါ်အကူအညီပေးဖို့ တောင်းဆိုထားပြီး သူ့မြို့မှာ သေဆုံးသူ တော်တော်များတယ်လို့ ပြောသွားပါတယ်။