မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Unနဲ့ ဇွန်လ ၁၂ ရက်နေ့ စင်္ကာပူနိုင်ငံမှာ ထိပ်သီးတွေ့ဆုံမယ့်အကြောင်း အမေရိကန်သမ္မတ Donald Trump ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ထူးခြားတဲ့ အခိုက်အတန့်ဖြစ်အောင် ၂ ဘက်စလုံးက ကြိုးစားသွားမှာ ဖြစ်ကြောင်းလည်း Twitter လူမှုကွန်ယက်ကနေ ပြောဆိုလိုက်တာပါ။ မြောက်ကိုရီးယားမှာ ဖမ်းဆီးခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား ၃ ယောက် အမေရိကန်ကို ပြန်ရောက်လာချိန်မှာ သွားရောက်ကြိုဆိုခဲ့ပြီးနောက်မှာပဲ သမ္မတ Trump ကပြောဆိုခဲ့တာပါ။
ဝါရှင်တန်ဒီစီနဲ့ ကပ်လျက် မေရီလန်းပြည်နယ်က Andrews လေတပ်စခန်းကို သွားရောက် ကြိုဆိုရာမှာတော့ သမ္မတ Trump ဟာ သမ္မတကတော် Melania နဲ့အတူ လွတ်မြောက်လာသူတွေ လိုက်ပါလာတဲ့ လေယာဉ်ပေါ်တက်ပြီး နှုတ်ဆက်ခဲ့ကြတာပါ။
စစ်လေယာဉ်ပေါ်က ဆင်းလာတဲ့ လွတ်မြောက်လာသူ ၃ ဦးကိုတော့ ဒုသမ္မတ Mike Pence နဲ့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တို့ကလည်း နှုတ်ဆက်ခဲ့ကြပါတယ်။ လွတ်မြောက်လာသူ ၃ ဦးနဲ့ လက်ဆွဲနှုတ်ဆက်ပြီး နောက်မှာပဲ သမ္မတ Trump က ဖမ်းဆီးခံခဲ့ရသူတွေကို မမျှော်လင့်ပဲ ပြန်လွှတ်ပေးလိုက်တဲ့အတွက် မြောက်ကိုရီးယားခေါင်းဆောင်ကို ကျေးဇူးတင်စကား ပြောကြားခဲ့တာပါ။
ဖမ်းဆီးခံခဲ့ရသူ ၃ ဦးကိုတော့ နိုင်ငံခြားရေးဝန်ကြီး Pompeo ရဲ့ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တလအတွင်း ဒုတိယအကြိမ်အဖြစ် မိနစ် ၉၀ ကြာ တွေ့ဆုံခဲ့တဲ့ မနေ့တုန်းကပဲ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5