ကန် ဗြိတိန် ဆက်ဆံရေးနဲ့ Trump ခရီးစဉ်

အမေရိကန် သမ္မတ Donald Trump ရဲ့ တနလာၤနေ့ စတင်မယ့် ဗြိတိန်နိုင်ငံ နိုင်ငံတော် ခရီးစဉ် အတွက် ဗြိတိန်မှာ ပြင်ဆင်နေချိန်မှာဘဲ အမေရိကန်နဲ့ ဗြိတိန်ကြားက အထူးဆက်ဆံရေးဆိုတဲ့ အပေါ် အာရုံစိုက်စရာ ဖြစ်လာပါတယ်။

လတ်တလော ကောက်ခံတဲ့ YouGov လူထုစစ်တမ်းမှာတော့ ဗြိတိန် လူထုရဲ့ ၆၇ ရာခိုင်နှုန်းက သမ္မတ Trump ကို မလိုလားတဲ့ ရှုမြင်ချက်တွေ ရှိနေကြပါတယ်။ သမ္မတ Trump ရဲ့ ဗြိတိန် ခရီးစဉ် မစခင် ၂ ရက်အလိုက သမ္မတ Trump ကို မထောက်ခံကြောင်း ပြောဆိုထားသူ လန်ဒန် မြို့ခံ တချို့နဲ့ ဗွီအိုအေက မေးမြန်းကြည့်တာမှာတော့ Ted Holmes ဆိုသူက သူနဲ့ပတ်သက်သမျှ မကောင်းဘူးလို့ ထင်တယ်၊ သူက လိမ်ညာတတ်သလို အရမ်းလည်း ဆိုးတယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း သမ္မတ Trump ရဲ့ နိုင်ငံတော် ခရီးစဉ်ကို ဆန့်ကျင်မှုထက် ထောက်ခံသူက ပိုပြီး များပါတယ်။ YouGov ရဲ့ စစ်တမ်းမှာတော့ အမေရိကန် သမ္မတ Trump ရဲ့ ခရီးစဉ်ကို ဖျက်ပစ်သင့်တယ်လို့ ပြောသူက ၄၀ ရာခိုင်နှုန်းရှိပြီး အစီအစဉ်အတိုင်း ဆက်သွားဖို့ ပြောသူက ၄၆ ရာခိုင်နှုန်း ရှိပါတယ်။

သမ္မတ Trump က သူ့ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေးကို ဗြိတိန် ထောက်လှမ်းရေး အေဂျင်စီတွေက ထောက်လှမ်းခဲ့တယ်လို့ စွပ်စွဲခဲ့သလို ဗြိတိန် လက်ယာစွန်း အဖွဲ့တခုရဲ့ မူဆလင် ဆန့်ကျင်ရေး ဗွီဒီယို တခုကို သမ္မတ Trump က တွစ်တာမှာ တုံ့ပြန်ရေးသားခဲ့ပြီး နောက်မှာတော့ ဗြိတိန် ပြည်သူတွေက သူ့ကို ပြစ်တင် ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။ နောက် ဥရောပ သမဂ္ဂထဲကနေ ဗြိတိန်နုတ်ထွက်ရေးကို လိုလားသူ ကွန်ဆာဗေးတစ် ပါတီက နိုင်ငံရေးသမား Boris Johnson ကို သမ္မတ Trump က မကြာခင်က ချီးကျူးပြောဆိုခဲ့တဲ့ အပေါ်မှာလည်း ဗြိတိန် ပြည်သူ တချို့က ဝေဖန်ကြပါတယ်။ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း Malcolm Rifkind ကတော့ သမ္မတ Trump ရဲ့ မှတ်ချက်က မနှစ်မြို့ဖွယ် စွက်ဖက်မှုဆိုပြီး ပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

ကန် ဗြိတိန် ဆက်ဆံရေးနဲ့ Trump ခရီးစဉ်