Trump နဲ့ Republican ပါတီကြား တင်းမာမှုတိုး

ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump နဲ့ အီရတ်နိုင်ငံမှာ ကျဆုံးသွားတဲ့ အမေရိကန် စစ်သားရဲ့ မူဆလင် မိဘတွေဖြစ်ကြတဲ့ Khizr နဲ့ Ghazala Khan တို့ကို သီတင်းတပတ်ကြာ အပြန်အလှန် ဝေဖန်ပြောဆိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် ရီပတ်ဘလီကန် ပါတီဝင်တွေက Trump ကို လူသိရှင်ကြား ဝေဖန် ပြောဆိုမှုတွေ ပြုလုပ်လာကြတာဟာ ပါတီထိပ်တန်း ခေါင်းဆောင်တွေအကြား ကာလရှည်ကြာ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို မီးမောင်းထိုးပြလိုက်တာလည်း ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်တုန်းက ကာလီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့တဲ့ နည်းပညာကုမ္ပဏီကြီးတခုရဲ့ အထင်ကရ အကြီးအကဲဟောင်း Meg Whitman က Donald Trump ဟာ မရိုးသားတဲ့၊ လူပြိန်းကြိုက် မက်လုံးပေး မဲဆွယ်သူ ဖြစ်တယ်လို့ ခေါ်ဆိုလိုက်ပြီး သူမအနေနဲ့ Hillary Clinton ကို ထောက်ခံအားပေးမှာ ဖြစ်သလို၊ ရံပုံငွေလည်း ကူရှာပေးမယ်လို့ အင်္ဂါနေ့က ပြောပါတယ်။

Trump က Khan မိသားစုအပေါ် တိုက်ခိုက်မှုတွေကို အမျက်ဒေါသထွက်တဲ့အတွက် နယူးယောက်ပြည်နယ်က ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ် Richard Hanna ဟာ Hillary Clinton ကို ထောက်ခံမယ်လို့ ပထမဦးဆုံး စတင် ပြောဆိုလိုက်တဲ့ လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ လွှတ်တော်အမတ်တဦး ဖြစ်လာခဲ့ပါတယ်။

သမ္မတ Barack Obama က Donald Trump ဟာ နိုင်ငံတော် သေနာပတိချုပ်ဖြစ်ဖို့ အရည်အချင်း မပြည့်မှီကြောင်း လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ သမ္မတတဦးအနေနဲ့ တမူ ထူးခြားစွာ အင်္ဂါနေ့က ပြောကြားလိုက်ပြီး နာရီအနဲငယ်အကြာမှာ ရီပတ်ဘလီကန် ပါတီဝင်တွေက Hillary Clinton ကို ထောက်ခံကြောင်း ပြောဆိုမှုတွေ ထွက်ပေါ်လာတာပါ။

သမ္မတ Obama ရဲ့ အဲဒီလို တိုက်ခိုက် ပြောဆိုခြင်း ခံလိုက်ရတဲ့အတွက် သူ့အနေနဲ့ ဂုဏ်ယူကြောင်း၊ သမ္မတဟာ သူလုပ်နေတဲ့ အလုပ်ကို နားမလည်သူဖြစ်တဲ့အပြင် ပျော့ညံ့တဲ့ သမ္မတ တဦးဖြစ်ကြောင်း သမ္မတ Obama ပြောဆိုပြီး မကြာခင်မှာပဲ Trump က ချက်ခြင်း တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

Trump နဲ့ Republican ပါတီကြား တင်းမာမှုတိုး