အမေရိကန် အထူးစုံစမ်းရေးမှူး Robert Mueller ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ အမေရိကန် သမ္မတ အိမ်ဖြူတော်ရဲ့ လက်ရှိ ဝန်ထမ်းတွေနဲ့ ဝန်ထမ်းဟောင်းတွေကို သမ္မတ Donald Trump ပြင်းပြင်းထန်ထန် ထိုးနှက်ဝေဖန်ပါတယ်။ အိမ်ဖြူတော်နဲ့ သူ့ရဲ့ ပုံရိပ်ကို ညှိုးမှိန်အောင် မရမက လုပ်နေကြတာက လုံးလုံး အသုံးမကျတာလို့ သမ္မတ Trump က ပြောဆိုခဲ့တာပါ။
ဖလော်ရီဒါ ပြည်နယ် Palm Beach ကနေ သမ္မတ Trump က စိတ်ဆိုးမာန်ဆိုးနဲ့ တွစ်တာမှာ ဆက်တိုက် ရေးသားခဲ့တာပါ။ စုံစမ်းစစ်ဆေးမှု အပေါ် သြဇာသက်ရောက်စေဖို့ ဒါမှမဟုတ်လည်း ပျက်သွားစေရေး အတွက် သမ္မတ Trump ဘက်က အကြိမ်ကြိမ် ဘယ်လိုကြိုးစားခဲ့လဲ နောက် အိမ်ဖြူတော်ဟာဆိုရင် အလိမ်အညာ အလှည့်အပတ်တွေ၊ မရိုးရှင်းမှု အလေ့အထတွေ စွဲနေတယ်ဆိုပြီး ပုံဖော်ပြီး Mueller စုံစမ်းစစ်ဆေးမှုမှာ ပြောဆိုကြသူတွေကို သမ္မတ Trump က ထိုးနှက်ပြောဆိုနေတာပါ။
သမ္မတနဲ့ နီးစပ်သူတွေ အဆိုအရတော့ သမ္မတက အစီရင်ခံစာအရ သူ အပြစ်မရှိဘူးဆိုတာကို ခံစားနေရတဲ့ တချိန်တည်းမှာပဲ တဘက်မှာလည်း သူ့ကို အရုပ်ဆိုးအောင် ပုံဖော်ခဲ့ကြသူတွေဟာ သစ္စာဖောက်ခံခဲ့ရတာလို့လည်း ခံစားနေရတယ်လို့ ပြောဆိုကြပါတယ်။
ဒီပုဂ္ဂိုလ်တွေက ကျမ်းသစ္စာကျိန်ဆိုပြီး ထွက်ဆိုခဲ့ကြရတာ ဖြစ်ပြီး Mueller ရဲ့ အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အိမ်ဖြူတော်က ညွှန်ကြားခဲ့တာပါ။ အထူးသဖြင့်တော့ အထူးစုံစမ်းရေးမှူး Mueller နဲ့ နာရီ ၃၀ နီးပါး တွေ့ဆုံမေးမြန်းခဲ့ပြီး အထူးစုံစမ်းရေးမှူးရဲ့ အစီရင်ခံစာထဲမှာ အကြိမ်ပေါင်းများစွာ ကိုးကား ဖော်ပြခံရတဲ့ အိမ်ဖြူတော် အကြံပေးဟောင်း Don McGahn ကို သမ္မတ Trump အနေနဲ့ စိတ်ဆိုးဒေါသထွက်နေဟန် ရပါတယ်။
Your browser doesn’t support HTML5