စွမ်းအင်ကဏ္ဍမှာ ဦးဆောင်မယ့်သူတွေ ရွေးကောက်ခံသမ္မတထရမ့် ရွေးချယ်

ရေနံလုပ်ငန်း ဝန်ဆောင်မှုကုမ္ပဏီပိုင်ရှင် Chris Wright

ရွေးကောက်ခံသမ္မတ Donald Trump က အစိုးရသစ်အတွက် ပြင်ဆင်နေရာမှာ စွမ်းအင်ဝန်ကြီးဌာနကို ဦးဆောင်ဖို့ ရေနံလုပ်ငန်း ဝန်ဆောင်မှုကုမ္ပဏီပိုင်ရှင် Chris Wright ကို ရွေးချယ်လိုက်ပါတယ်။ Colorado ပြည်နယ်၊ Denver မြို့ အခြေစိုက် Liberty Energy အမှုဆောင်အရာရှိချုပ် Wright ကို ရွေးချယ်လိုက်ကြောင်း စနေနေ့ကပဲ တရားဝင် ကြေညာခဲ့တာပါ။

သောကြာနေ့မှာတုန်းကလည်း အသစ်ဖွဲ့စည်းမယ့် အမျိုးသားစွမ်းအင်ကောင်စီမှာ ဦးဆောင်ဖို့ မြောက် Dakota ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Doug Burgum ကို ရွေးချယ်လိုက်ကြောင်း ကြေညာထားပါတယ်။ အမျိုးသားစွမ်းအင်ကောင်စီ အကြီးအကဲအဖြစ် စွမ်းအင်လုပ်ငန်းအတွက် ခွင့်ပြုချက်တွေ၊ ထုတ်လုပ်ဖြန့်ချီမှုတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ သယ်ယူပို့ဆောင်မှုတွေအတွက် တာဝန်ရှိတဲ့ အစိုးရဌာနတွေရဲ့ လုပ်ငန်းတွေ အားလုံးကို ကြီးကြပ်သွားမှာပါ။ အမျိုးသားလုံခြုံရေးကောင်စီမှာ ပါဝင်တက်ရောက်ခွင့် ရှိမယ်လို့လည်း ရွေးကောက်ခံသမ္မတ Trump က ပြောပါတယ်။

အမေရိကန် စွမ်းအင်ဆိုင်ရာ သတင်းအချက်အလက်ဌာနရဲ့ ၂၀၂၄ ခုနှစ် မတ်လမှာ ထုတ်ပြန်ချက်အရ အမေရိကန်ဟာ ကမ္ဘာမှာ ၆ နှစ်ဆက်တိုက် ရေနံစိမ်းထုတ်လုပ်မှု အများဆုံးဖြစ်ပါတယ်။ လစဉ်ပျမ်းမျှ ထုတ်လုပ်မှုဟာလည်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ စံချိန်တင်ခဲ့ပြီး၊ နေ့စဉ် စည်ပေပါ ၁၃.၃ သန်းကျော် ထုတ်လုပ်ခဲ့တာပါ။