ကန်တရားရုံးချုပ်ရှေ့နေ Jeff Sessions အပေါ် သမ္မတ Trump ငြိုငြင်

မှတ်တမ်းဓာတ်ပုံ- ရှေ့နေချုပ် အဖြစ် Jeff Sessions ကျမ်းသစ္စာကျိန်ဆိုခဲ့စဉ်။ ဖေဖော်ဝါရီလ ၉ ရက် ၂၀၁၇။

အမေရိကန်ပြည်ထောင်စု ရှေ့နေချုပ် Jeff Sessions ရဲ့ လုပ်ဆောင်ချက်တွေကို သမ္မတ Donald Trump က ထပ်မံ ဝေဖန်လိုက်ပြီးနောက် ရှေ့နေချုပ်ကို ရာထူးက ဖယ်ရှားဖို့ သမ္မတက ပြင်ဆင်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေ ဝါရှင်တန် နိုင်ငံရေးအသိုင်းအဝိုင်းမှာ ပိုပြီး ထွက်ပေါ်နေပါတယ်။

Republican ပါတီက သြဇာညောင်းတဲ့ အောက်လွှတ်တော်အမတ် Paul Ryan ကတော့ Sessions ကိုရာထူးမှာ ဆက်ထား မထားဆိုတာကို သမ္မတကသာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ၂၀၁၆ သမ္မတရွေးကောက်ပွဲ မဲဆွယ်စဉ်က Jeff Sessions ဟာ Trump ကို ပထမဆုံး ထောက်ခံခဲ့တဲ့ Republican အထက်လွှတ်တော်အမတ် တယောက်ဖြစ်သလို ရှေ့နေချုပ်တာဝန်ကို Trump ကိုယ်တိုင် ရွေးချယ်ခန့်ထားတာပါ။ အခုတော့ သူ့အပေါ် သမ္မတက ဘာကြောင့် တိုက်ခိုက်ပြောဆိုနေသလဲ ဆိုတာကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

အမေရိကန်ပြည်ထောင်စုရဲ့ရှေ့နေချုပ် Jeff Sessions အပေါ် သမ္မတ Donald Trump မကျေနပ်ဘူး ဆိုတာကို Twitter လူမှုကွန်ယက်ပေါ်ကနေ အင်္ဂါနေ့မှာ သမ္မတက ထပ်မံပြသခဲ့ပါတယ်။ ၂၀၁၆ သမ္မတ ရွေးကောက်ပွဲတုန်းက သူနဲ့ပြိုင်ဖက်ဖြစ်တဲ့ Hillary Clinton နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူစဉ်က အလုပ်နဲ့ဆိုင်တဲ့ Email တွေကို ကိုယ်ရေးသုံး Server ကနေ ပေးပို့ ရယူခဲ့တဲ့ ကိစ္စအပေါ်ရှေ့နေချုပ် Jeff Sessions က ထိထိရောက်ရောက် မကိုင်တွယ်ဘူးလို့ Tweet တခုမှာ သမ္မတ Trump က ဝေဖန်ပါတယ်။

နောက်ထပ် Tweet တခုမှာတော့ ရွေးကောက်ပွဲတုန်းက Clinton အနိုင်ရအောင် Trump စည်းရုံးလှုပ်ရှားမှုအပေါ် ယူကရိန်းက ဖျက်လိုဖျက်စီးလုပ်ဖို့ ကြိုးစားခဲ့တာကို ရှေ့နေချုပ်က အရေးမယူဘူးလို့ သမ္မတက ရေးသားခဲ့ပါတယ်။ ခုလို ရှေ့နေချုပ်ရဲ့ လုပ်ဆောင်ချက်တွေ အပေါ် သမ္မတက လူသိရှင်ကြား ဝေဖန်နေတဲ့အတွက် ရှေ့နေချုပ် Sessions ကိုရာထူးကနေ ဖယ်ရှားဖို့သမ္မတက ပြင်ဆင်နေပုံ ရတယ်ဆိုတဲ့ ထင်မြင်ချက်တွေ ဝါရှင်တန် နိုင်ငံရေး အသိုင်းအဝိုင်းမှာ ပိုပြီး ထွက်ပေါ်လာခဲ့ပါတယ်။ သမ္မတအနေနဲ့ ရှေ့နေချုပ်ကို ရာထူးကနေ ဖယ်ရှားနိုင်ခြေ ရှိသလားလို့ အောက်လွှတ်တော် ဥက္ကဋ္ဌ Republican အမတ် Paul Ryan ကိုသတင်းထောက်တွေက ဝိုင်းမေးတဲ့အခါ Mr. Ryan က ဒါကို သမ္မတကသာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

“ အုပ်ချုပ်ရေးပိုင်းက ဖြစ်ပါတယ်။ ကျွန်တော်တို့က ဥပဒေပြုရေးပိုင်း ကပါ။ အုပ်ချုပ်ရေးပိုင်းမှာ ဘယ်သူ့ကို ခန့်မယ်၊ ဖြုတ်မယ် ဆိုတာကို သမ္မတက ဆုံးဖြတ်ပါတယ်။ ဒါဟာ သမ္မတရဲ့ လုပ်ပိုင်ခွင့် ဖြစ်ပါတယ်။ တကယ်လို့ ရှေ့နေချုပ်နဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိတယ်၊ မေးခွန်းထုတ်စရာ ရှိတယ်၊ ပြဿနာ ရှိတယ်ဆိုရင် သူကိုယ်တိုင် ရှေ့နေချုပ်ကို ပြောပါလိမ့်မယ်။ ”

Republican ပါတီဖက်က လွှတ်တော်အမတ် တချို့ကတော့ အရင်က အများလေးစားခံရတဲ့ အထက်လွှတ်တော် အမတ်ဟောင်း တယောက်ဖြစ်တဲ့ Jeff Sessions ဖက်က ကာကွယ်ပြီး သမ္မတအနေနဲ့ နိုင်ငံရေးကြောင့် သူ့ကို အပြစ်မရှာသင့်ဘူးလို့ ပြောနေကြပါတယ်။ အထက်လွှတ်တော်မှာ လူနည်းစု Democrat ပါတီခေါင်းဆောင် လွှတ်တော်အမတ် Chuck Schumer ကလည်း သူ့ရဲ့အမြင်ကို လွှတ်တော်မှာ ခုလိုပြောခဲ့ပါတယ်။

“ Jeff Sessions ဟာ Donald Trump ကို ထောက်ခံတယ်လို့ ပထမဆုံး ပြောခဲ့သူပါ။ အဆိုးအကောင်း လက်တွဲခဲ့သူ ဖြစ်ပါတယ်။ အခုတော့ သူနဲ့သမ္မတကြား သဘောထား ကွဲတယ်ဆိုရင်တောင် လူသိရှင်ကြား လှောင်ပြောင် သရော် သိက္ခာမချသင့်ဘူးလို့ ထင်ပါတယ်။ သဘောမတူကြတဲ့ ကိစ္စတွေကလည်းအထောက်အထား ခိုင်မာမှု မရှိဘူး။ တဖက်သတ် မှားယွင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကိုယ်နဲ့အနီးကပ်ဆုံး မိတ်ဆွေကို ဒီလိုလုပ်တာ သမ္မတရဲ့ စရိုက်လက္ခဏာကို ပြသနေပါတယ်။ ”

၂၀၁၆ သမ္မတရွေးကောက်ပွဲ စည်းရုံးရေးကာလတုန်းက Republican သမ္မတလောင်း Donald Trump ကို အဲဒီအချိန်က Alabama ပြည်နယ် အထက်လွှတ်တော်အမတ် Jeff Sessions ကပထမဆုံး လူသိရှင်ကြား ထောက်ခံခဲ့တာ ဖြစ်ပါတယ်။ ရှေ့နေချုပ်တာဝန် ခန့်ဖို့လည်း သမ္မတ Trump ကိုယ်တိုင်ရွေးချယ်ခဲ့တာပါ။ ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ Trump အနိုင်ရအောင် Trump စည်းရုံးရေး တာဝန်ရှိသူတွေနဲ့ ရုရှားကြား ပူးပေါင်းကြံစည်ခဲ့ သလားဆိုတဲ့ စုံစမ်းမှုတွေမှာ Mr. Sessions က ဆက်မပါတော့ဖို့ နောက်ဆုတ် ခဲ့ပြီးနောက်မှာ ရှေ့နေချုပ် Sessions အပေါ် သမ္မတက မကျေနပ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်လာတာ ဖြစ်ပါတယ်။

စုံစမ်းမှုမှာ အဓိက အရေးပါတဲ့ ရုရှားသံအမတ်ဟောင်း Sergei Kislyak နဲ့ Jeff Sessions တို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့တဲ့ သတင်းတွေ ပေါ်ထွက်လာခဲ့ပြီး နောက်မှာ ရှေ့နေချုပ် Sessions က ရုရှားကိစ္စ စုံစမ်းမှုမှာ ဆက်မပါတော့တာလည်း ဖြစ်ပါတယ်။ စုံစမ်းမှုထဲမှာ ဆက်မပါဖို့ Jeff Sessions နောက်ဆုတ်ခဲ့မယ် ဆိုတာ ကြိုသိရင် သူ့ကို ရှေ့နေချုပ်တာဝန် ဘယ်တော့မှပေးမှာ မဟုတ်ဘူးလို့ သမ္မတ Trump က ပြီးခဲ့တဲ့ တပတ်ကပဲ New York Times သတင်းစာနဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

အခုတော့ အထူးရှေ့နေ Robert Muller က Russia နဲ့ ပတ်သက်တဲ့ စုံစမ်းမှုတွေကို ဦးဆောင်လုပ်နေပြီး ရှေ့နေချုပ်ရဲ့ ပါဝင် ကြီးကြပ်မှု မရှိတော့ပါဘူး။ အထူးရှေ့နေ Muller စုံစမ်းနေတဲ့ ကိစ္စတွေထဲမှာ သမ္မတရဲ့ဘဏ္ဍာရေးဆိုင်ရာ မှတ်တမ်းတွေ အပါအဝင် သမ္မတရဲ့ အကြီးတန်း အကြံပေးလည်းဖြစ် သားမက်လည်းဖြစ်သူ Jared Kushner အပါအဝင် သမ္မတနဲ့ ပတ်သက်နေသူတွေ အပေါ် ကျယ်ပြန့်တဲ့ စုံစမ်းမှုတွေ ပါဝင်ပါတယ်။

Your browser doesn’t support HTML5

ကန်တရားရုံးချုပ်ရှေ့နေ Jeff Sessions အပေါ် သမ္မတ Trump ငြိုငြင်