မိဘနဲ့ သားသမီးတွေ တကွဲစီထိန်းသိမ်းတဲ့ လူဝင်မှု ပေါ်လစီ Trump ပြန် ရုပ်သိမ်း

သမ္မတ တရမ့်ရဲ့ ၁၇ လကြာသက်တမ်းအတွင်းချမှတ်ခဲ့တဲ့ ပေါ်လစီတွေအနက် ပြန်ရုပ်သိမ်းပေးခဲ့ရတဲ့ အထင်ရှားဆုံးပေါ်လစီ အဖြစ် အမေရိကန်ုပြည်ထောင်စုကို Mexico နယ်စပ်ကနေ တရားမဝင်ရောက်ရှိလာကြသူတွေအနက် မိဘတွေနဲ့ သူတို့ရဲ့သားသမီးတွေကို တကွဲတပြားစီခွဲထားတဲ့ ပေါ်လစီကို အဆုံးသတ်ဖို့ သမ္မတ အမိန့်ကို Mr. Trump က ဗုဒ္ဒဟူးနေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်၊၊

အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြမှာပါ၊၊

သမ္မတ Donald Trump က အမေရိကန်တောင်ပိုင်း မက္ကဆီကိုနဲ့ နယ်စပ်ကနေ တရားမဝင်ရောက်ရှိလာကြတဲ့ မိသားစုတွေကို လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးထိမ်းသိန်းရာမှာ မိဘတွေနဲ့ သူတို့ သားသမီးတွေကို တကွဲစီထားရမယ်ဆိုတဲ့ သူစောစောပိုင်းက ချမှတ်ခဲ့တဲ့ အမိန့်ကို သူ့မှာ ပြန်ရုပ်သိမ်းဖို့ အာဏာမရှိဘူးလို့ ငြင်းချက် ထုတ်ခဲ့ပေမဲ့လည်း ဗုဒ္ဓဟူးနေ့က အဲဒီပေါ်လစီကို ပြန်ရုပ်သိမ်းဖို့ အမိန့်ကို သမ္မတက အိမ်ဖြူတော်ရုံးခန်းမှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

Minnesota ပြည်နယ်မှာကျင်းပတဲ့ နိုင်ငံရေးလူထုစည်းဝေးပွဲကို မသွားခင် သမ္မတက လက်မှတ်ရေးထိုးမှုနဲ့ ပတ်သက်လို့ အခုလိုပြောခဲ့ပါတယ်။

“ ဒီကနေ့ ကျနော် သမ္မတ အမိန့်ကို လက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။ ဒါဟာ သိပ်ကိုအရေးကြီးတဲ့ သမ္မတ အမိန့်ပါ။ မိသားစုတွေကို အတူတကွထားနိုင်ဖို့အပြင် တချိန်တည်းမှာပဲ နယ်စပ်လုံခြုံရေး အားဖြည့်ဖို့က ထပ်တူထပ်မျှ အရေးကြီးလှပါတယ်။ ဒါကြောင့် နယ်စပ်လုံခြုံရေးကို အားဖြည့်မယ့်အပြင် မိသားစုတွေကိုလည်း အတူထားနိုင်အောင် လုပ်ပေးမှာဖြစ်ပါတယ်။”

သမ္မတရဲ့ ပေါ်လစီအရ မိသားစုတွေကို ခွဲပြီး ထိမ်းသိန်းတာဟာ လူမဆန်ဘူးလို့ ရီပါပလင်ကန်တွေရော၊ ဒီမိုကရက် လွှတ်တော်အမတ်တွေကပါ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ ဒီမိုကရက် အနည်းစုခေါင်းဆောင် ကယ်လီဖိုနီးယားပြည်နယ်က အောက်လွှတ်တော်အမတ် နန်စီပလိုစီကတော့ ပြင်းပြင်းထန်ထန် အခုလိုဝေဖန်ခဲ့ပါတယ်။

“အမေရိကန်သမ္မတ တဦးအနေနဲ့ ဘယ်အထိ အဆင့်အတန်းနိမ့်အုံးမှာလဲ။ ကျင့်ဝတ်သိက္ခာပိုင်းအရရော၊ ကြင်နာစာနာမှုအရရော ဘယ်လို စိတ်ထားတွေ ရှိပါသလဲ။ အမေရိကန်ပြည်ထောင်စုကို ပိုပြီးကောင်းမွန်အောင် လုပ်မယ်လို့ ပေးခဲ့တဲ့ ကတိကိုရော ဘယ်လို ဖြည့်ဆည်းပေးနိုင်ပါမလဲ။ မိဘတွေ ရင်ခွင်ထဲက သားသမီးတွေကို ဆွဲယူပစ်မယ်ဆိုတဲ့ ပေါ်လစီဟာ မှန်ကန်တယ်လို့ ဘယ်လိုပြောလို့ရမှာလဲ။”

သမ္မတရဲ့ အရင်က ပေါ်လစီတွေဟာ မက္ကဆီကိုက တရားမဝင်ရောက်ရှိလာကြတဲ့ မိဘတွေနဲ့ သူတို့နဲ့ ရောက်ရှိလာကြတဲ့ ကလေးတွေကို တကွဲစီထိမ်းသိန်းထားရာမှာ ကလေးတွေဘယ်ရောက်နေသလဲ၊ ဘယ်ကိုခေါ်သွားသလဲ၊ ဘယ်တော့ ပြန်တွေ့ကြမလဲ ဆိုတဲ့အချက်တွေကို မသိခဲ့ကြတာဖြစ်ပါတယ်။

သမ္မတ အခုလက်မှတ်ရေးထိုးလိုက်တဲ့ အမိန့်ဟာ ချက်ချင်းစတင် အကျုံးဝင်မှာဖြစ်တယ်လို့ အမေရိကန်အစိုးရ ရှေ့နေချုပ် Jeff Sessions ရဲ့ အကြံပေး ပုဂ္ဂိုလ် Jean Hamilton က သတင်းထောက်တွေကို ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ လွန်ခဲ့တဲ့ သတင်းခြောက်ပတ်က စလို့ မက္ကဆီကိုက တရားမဝင်ရောက်လာကြတဲ့ ကလေးပေါင်း ၂,၃၀၀ ကျော်တို့ကို သူတို့ရဲ့မိဘတွေနဲ့ ခွဲပြီး ထိမ်းသိန်းထားတာဖြစ်ပါတယ်။

သမ္မတ အနေနဲ့ Oval ရုံးခန်းမှာ အမိန့်ကိုလက်မှတ်ရေးထိုးစဉ် ဒုတိယသမ္မတ Mike Pence ကသူရဲ့ဘယ်ဘက်၊ အမိမြေလုံခြုံရေးဌာန ဝန်ကြီး Kirstjen Nielsen က သူရဲ့ညာဘက် မှာရှိနေတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကို တရားမဝင်လာရောက်ကြသူတွေရဲ့ ပြဿနာဟာ အရင်အစိုးရခေတ် အဆက်ဆက်ကရှိခဲ့တာဖြစ်ပြီး ဖြေရှင်းဖို့ တိတိကျကျ ပြတ်ပြတ်သားသား အရေးယူဖို့ လိုအပ်တယ်လို့ သမ္မတက ပြောခဲ့ပါတယ်။

“ဒီပြဿနာဟာ ဆယ်စုနှစ်ချီရှိလာခဲ့တာပါ။ ခုမိသားစုတွေကို အတူထားပြီး ဒီပြဿနာကို ဖြေရှင်းမှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ နယ်စပ်မှာ လုံခြုံရေး အင်အားတောင့်ဖို့ လိုအပ်ပြီး နိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာကြသူတွေကို လုံးဝသည်းခံမှာ မဟုတ်တဲ့ ပေါ်လစီကို ကျင့်သုံးမှာလည်း ဖြစ်ပါတယ်။”

သမ္မတရဲ့ အမိန့်ကို လက်မှတ်မရေးထိုးမှီ ဗုဒ္ဓဟူးနေ့ စောစောပိုင်းက လွှတ်တော်အမတ်တွေနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်ကလေးတွေကို မိဘတွေရင်ခွင်ထဲက ဆွဲယူကာ ကြောက်ပြီး ငိုကြယိုကြတဲ့ ပုံတွေ တွေ့ရတော့ အမေရိကန်အစိုးရ အရာရှိတွေအနေနဲ့ ဝမ်းနည်းစိတ်မကောင်းဖြစ်ကြပြီး သူကိုယ်တိုင်လည်း စိတ်ထိခိုက်တဲ့အကြောင်း သမ္မတက ဝန်ခံခဲ့ပေမယ့် နယ်စပ်လုံခြုံရေးအားကောင်းဖို့ လိုတဲ့အပြင် ရာဇဝတ်မှုမရှိအောင်လည်း လုပ်ဖို့လိုအပ်တယ်လို့ သမ္မတက အလေးအနက်ပြောခဲ့ပါတယ်။

Your browser doesn’t support HTML5

မိဘနဲ့ သားသမီးတွေ တကွဲစီထိန်းသိမ်းတဲ့ လူဝင်မှု ပေါ်လစီ Trump ပြန် ရုပ်သိမ်း