အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နေရာမှာ လက်ရှိ CIA ညွှန်ကြားရေးမှူး Mike Pompeo နဲ့ လာမယ့်သီတင်းပတ် တွေအတွင်း သမ္မတDonald Trump က အစားထိုး ခန့်ထားချင်တယ်ဆိုတဲ့သတင်းတွေ ထွက်လာနေပါတယ်။
အိမ်ဖြူတော်ပြောခွင့်ရ Sarah Huckabee Sanders က အဲဒီသတင်းတွေကို အရေးမပါသလို ဖော့ပစ်ဖို့ ကြိုးစားတဲ့အနေနဲ့ သမ္မတကသာ တယောက်ယောက်အပေါ် ယုံကြည်ကိုးစားမှု မရှိတော့ဘူးဆိုရင် သူတို့ရှိနေတဲ့ရာထူးမှာ ဆက်ရှိတော့မှာမဟုတ်ပါ ဘူးလို့ ကြာသပတေးနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။
နိုင်ငံခြားရေးဌာနပြောခွင့်ရ Heather Nauert ကလဲ ဝန်ကြီး Tillerson ဟာ သူ့ရာထူးမှာဆက်ရှိနေပြီး စီစဉ်ထားတဲ့အတိုင်း နောက်သီတင်းပတ်ကျရင် ဥရောပကို ခရီးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
သမ္မတထရမ့်ပ်နဲ့ ဝန်ကြီး Tillerson တို့အကြား ဆက်ဆံရေးဟာ လွန်ခဲ့တဲ့နှစ်အတွင်း အဆင်မပြေဖြစ်လာတယ်လို့ အမည်မဖော် တဲ့ အိမ်ဖြူတော် အကြီးတန်းတာဝန်ရှိသူတွေကို ကိုးကားပြီး သတင်းဌာနအများအပြားက ပြောကြပါတယ်။ သမ္မတက သူနဲ့ ဆက်ဆံရေးပိုကောင်းတဲ့ CIA အကြီးအကဲကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် အစားထိုး ခန့်ထားချင်နေတယ်လို့လဲ ဆိုပါတယ်။
နိုင်ငံတော်လုံခြုံရေးကိစ္စရပ်တွေမှာ သမ္မတရဲ့ အခိုင်အမာ မဟာမိတ်တဦးဖြစ်သူ အာကင်ဆောပြည်နယ် အထက်လွှတ်တော် အမတ် Tom Cotton ကို CIA အကြီးအကဲအဖြစ် မစ္စတာ Pompeo နေရာမှာ ခန့်ထားမယ်လို့လဲ သတင်းတွေ ထွက်နေတာပါ။
နိုင်ငံတော်လုံခြုံရေးဆိုင်ရာ သမ္မတထရမ့်ပ်ရဲ့ ထိပ်တန်းအကြံပေးအဖွဲ့ကို အပြောင်းအလဲ လုပ်ဖို့ စဉ်းစားနေတာ လအတော်ကြာ နေပြီလို့ အမေရိကန်သတင်းဌာနအများအပြားက ပြောကြပေမဲ့ သမ္မတက ဆုံးဖြတ်ချက် ချပြီးပြီလားဆိုတာတော့ မရှင်းသေးပါဘူး။
Your browser doesn’t support HTML5