သမ္မတ Trump နဲ့ ဝန်ကြီးချုပ် May ပူးတွဲသတင်းစာရှင်း

သမ္မတ Trump နဲ့ ဝန်ကြီးချုပ် May ပူးတွဲသတင်းစာရှင်းလင်းပွဲ

ဗြိတိန်နိုင်ငံကို ရောက်ရှိ နေတဲ့ အမေရိကန် သမ္မတ Donald Trump က နှစ်နိုင်ငံ ဆက်ဆံရေး၊ အကြမ်းဖက် ဝါဒ ချေမှုန်းရေး အပါအဝင် ဥရောပ သမဂ္ဂကနေ နုတ်ထွက်မယ့် ဗြိတိန်နိုင်ငံနဲ့ အထူး ကုန်သွယ်ရေး သဘောတူညီချက် ရနိုင်မယ့် အလားအလာတွေကို အလေးထား ပြောကြားခဲ့ပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် Teresa May နဲ့ အတူ ကျင်းပတဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာတော့ သံခင်း တမန်ခင်း အသုံးအနှုံးတွေ သုံးနှုန်းခဲ့သလို မခံချိ မခံသာ ဖြစ်စေတဲ့ အပြောအဆိုတွေလည်း ရှိခဲ့ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ဗြိတိန်နိုင်ငံကို နိုင်ငံတော် ဧည့်သည်တော် အဖြစ် ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ Donald Trump က အင်္ဂါနေ့မှာတော့ ဗြိတိန် ဝန်ကြီးချုပ် Teresa May နဲ့တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာတော့ ဗြိတိန်နဲ့ ကမ္ဘာ့ရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပြောဆိုခဲ့ပါတယ်။

" အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန် နိုင်ငံတို့ဟာ ကမ္ဘာတလွှားမှာ ရည်မှန်းချက်တွေ၊ ဦးစားပေး အစီအစဉ်တွေကို အတူမျှဝေနေကြပါတယ်။ အစ္စလာမ္မစ် အစွန်းရောက် အဖွဲ့ ISIS ကို ချေမှုန်းရေး ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်ချက်မှာ ဆောင်ရွက်ခဲ့ကြမှု အတွက် ဗြိတိန် ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတုန်းက ကြေညာခဲ့သလိုဘဲ ဆီးရီးယားနဲ့ အီရတ် နိုင်ငံတွင်းက ISIS ရဲ့ ကာလီဖိတ်နယ်တွေ အားလုံးကို ချေမှုန်းနိုင်ခဲ့ပါပြီ။ မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ NATO မှာ ဗြိတိန်က အဖွဲ့ဝင်ဖြစ်ပါတယ်။ NATO မဟာမိတ်တွေ ဘက်က ကာကွယ်ရေး အသုံးစာရိတ် တိုးရမယ်ဆိုတာကိုလည်း ဗြိတိန် ဝန်ကြီးချုပ်နဲ့ ကျနော်တို့ သဘောတူပါတယ်။"

တရုတ် နည်းပညာလုပ်ငန်းကြီး Huawei ရဲ့ ခြိမ်းခြောက်မှု အပေါ် နှစ်နိုင်ငံ သဘောမတူတဲ့ အချက်က လွဲရင် အနာဂတ်မှာ ထောက်လှမ်းရေး အချက်အလက် မျှဝေမှုတွေ ဆက်ပြီး ရှိနေမယ်လို့ ယူဆကြောင်းလည်း သမ္မတ Trump က ပြောဆိုခဲ့ပြီး နုတ်ထွက်တော့မယ့် ဗြိတိန် ခေါင်းဆောင် May ကိုလည်း ချီးကျူး ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဥရောပ သမဂ္ဂကနေ နုတ်ထွက်ဖို့ ပြင်ဆင်နေတဲ့ ဗြိတိန်နိုင်ငံနဲ့ အထူး ကုန်သွယ်ရေး သဘောတူညီချက် တရပ် ရရှိရေးကို အမေရိကန်ဘက်က ပိုင်းဖြတ်ထားတယ်လို့လည်း အမေရိကန် သမ္မတ Trump က ပြောပါတယ်။

"ဗြိတိန် အနေနဲ့ ဥရောပ သမဂ္ဂကနေ နုတ်ထွက်ဖို့ ပြင်ဆင်နေတာနဲ့ အတူဘဲ အမေရိကန် ဘက်ကတော့ အမေရိကန်နဲ့ ဗြိတိန်ကြား အထူး ကုန်သွယ်ရေး သဘောတူညီချက် ရဖို့ ပိုင်းဖြတ်ထားပါတယ်။ ဒီလို ကုန်သွယ်ရေး သဘောတူညီချက် ရဖို့ အလားအလာကောင်းတွေလည်း ရှိနေပါတယ်။ ဆောင်ရွက်မှု နှစ်ကြိမ် သုံးကြိမ်လောက် ရှိနေပြီ ဖြစ်ပြီး အလားအလာကောင်းတွေ ရှိပါတယ်။"

အမေရိကန် ဘက်ကတော့ တရုတ် အပါအဝင် အဓိက ကုန်သွယ်ရေး မိတ်ဖက် တချို့နဲ့ ကုန်သွယ်ရေး အစီအစဉ်သစ်တွေ ရဖို့ ကြိုးစားနေတာပါ။ ဗြိတိန် ဝန်ကြီးချုပ် Teresa May ကတော့ အမေရိကန်နဲ့ ဗြိတိန် နှစ်နိုင်ငံ ဆက်ဆံရေး အပေါ်မှာ ချီးကျူး ပြောဆို သလို ဥတုရာသီ ပြောင်းလဲမှုနဲ့ အီရန်အရေးတို့မှာ ကွဲပြားချက် တချို့ကိုလည်း အသိအမှတ်ပြု ပြောဆိုပါတယ်။ အမေရိကန် သမ္မတက ပယ်ချထားတဲ့ ဥတုရာသီ ပြောင်းလဲမှု ဆိုင်ရာ ပါရီ သဘောတူညီချက်ကို ဗြိတိန်ဘက်က ထောက်ခံထားဆဲ ဖြစ်သလို အမေရိကန် နုတ်ထွက်လိုက်တဲ့ အီရန် နျူးကလီးယား သဘောတူညီချက် ကိုလည်း ဗြိတိန်က ဆက်ပြီး ထောက်ခံထားပါတယ်။

ဥရောပ သမဂ္ဂကနေ ဗြိတိန် နုတ်ထွက်ရေး အတွက် သဘောတူညီချက် တခုမရနိုင်ဖြစ်ခဲ့ပြီးနောက် ဗြိတိန် ဝန်ကြီးချုပ် May က ရာထူးက နုတ်ထွက်ဖို့ ရက်ပိုင်းအလိုမှာ အခုလို သမ္မတ Trump နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ။ Brexit လို့ ခေါ်တဲ့ EU ကနေ ဗြိတိန် နုတ်ထွက်ရေး လုပ်ငန်းစဉ်ကိုတော့ သူမကို ဆက်ခံသူက ဆက်ပြီး ဆောင်ရွက်မှာ ဖြစ်ပြီး ပါတီတွေကြား သဘောထား ကွဲပြားမှုကြီးနဲ့ ဖြေရှင်းနိုင်ဖို့ကလည်း မရေရာသေးပါဘူး။

အမေရိကန် သမ္မတရဲ့ ဗြိတိန် ခရီးစဉ်ကို ကန့်ကွက်ကြတဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကလည်း လန်ဒန်မြို့လယ်မှာ စုဝေးခဲ့ကြပါတယ်။ ဒီဆန္ဒပြမှု အပေါ် သမ္မတ Trump ရဲ့ တုံ့ပြန်ချက်ကို မေးမြန်းတာမှာတော့ ဆန္ဒပြပွဲလေး တခုကိုသာတွေ့ရတဲ့ အကြောင်း အမေရိကန် ခေါင်းဆောင်က ပြောပါတယ်။ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Boris Johnson ကို ထောက်ခံကြောင်း လူသိရှင်ကြား ပြောဆိုထားတဲ့ အမေရိကန် သမ္မတ Trump ကတော့ EU ကနေ ဗြိတိန် နုတ်ထွက်ရေး သဘောတူညီချက် ရလာမယ်လို့ ခန့်မှန်းထားပါတယ်။ သမ္မတ Trump ကို ဝေန်ခဲ့သူ ဗြိတိန် အတိုက်အခံ Labour ပါတီ ခေါင်းဆောင် Jeremy Corbyn ကိုတော့ အမေရိကန် သမ္မတက မထောက်ခံကြောင်း ပြောဆိုထားပြီး ဗြိတိန် ခရီးစဉ် အတွင်း သူနဲ့ မတွေ့ဘူးလို့လည်း ပြောပါတယ်။

နောက် အမေရိကန် ခေါင်းဆောင်ရဲ့ ဗြိတိန် နိုင်ငံတော် ခရီးစဉ်ကို ဝေဖန်ထားတဲ့ လန်ဒန် မြို့တော်ဝန် Sadiq Khan ကိုလည်း သမ္မတ Trump က ထပ်ပြီး ဝေဖန်ခဲ့ပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် Teresa May ကလည်း ဗြိတိန် နိုင်ငံရေး သမား နှစ်ဦးကို သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်ပါတယ်။

"လန်ဒန်မြို့တော်ဝန်ကိုရော Jeremy Corbyn ကိုရော ပြောချင်တာကတော့ ဒီကနေ့ ဆွေးနွေးမှုတွေက အမေရိကန်နဲ့ ဗြိတိန်ကြား အရေးအကြီးဆုံးသော ဆက်ဆံရေး အနာဂတ် ဖြစ်ပါတယ်။ သမ္မတပြောခဲ့သလိုပါဘဲ ကမ္ဘာမှာ အကြီးမြတ်ဆုံးသော မဟာမိတ်ပါ။ ကျမတို့ရဲ့ ဘေးကင်း လုံခြုံရေး၊ နောက် ကမ္ဘာတလွှား ဘေးကင်းလုံခြုံရေး အာမခံချက် ဖြစ်တဲ့ အမေရိကန်နဲ့ ဗြိတိန်ကြား အထူးဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်။ ကျမတို့ရဲ့ အနာဂတ်နဲ့ ကြွယ်ဝမှုကို ထောက်ပံ့ပေးထားတဲ့ နှစ်နိုင်ငံ ပြည်သူတွေ အလုပ်အကိုင်ရရှိရေး အာမခံချက်ကိုလည်း ဒီ ဆက်ဆံရေးက အထောက်အကူ ဖြစ်စေပါတယ်။ ဒီ ဆက်ဆံရေးကို ကျမတို့ တန်ဖိုးထားရပါမယ်၊ တည်ဆောက်ရပါမယ်၊ နောက် ဂုဏ်ယူရမယ့် ဆက်ဆံရေး ဖြစ်ပါတယ်။"

အင်္ဂါနေ့ နှောင်းပိုင်းမှာတော့ အမေရိကန် သမ္မတ Trump နဲ့ သမ္မတ ကတော် Melania တို့က ဗြိတိန် အိမ်ရှေ့စံ မင်းသား Charles နဲ့ ကြင်ယာတော် Cornwall မြို့စားကတော် Camilla တို့နဲ့ ညစာ သုံးဆောင်ပါတယ်။ ပြီးခဲ့တဲ့ တနလာၤနေ့မှာတော့ ဗြိတိန် ဘုရင်မကြီး Elizabeth နဲ့ တွေ့ဆုံခဲ့ကြပြီးနောက် Buckingham နန်းတော်မှာ ဘုရင်မကြီးက နိုင်ငံတော် ညစာတည်ခင်း ဧည့်ခံခဲ့ပါတယ်။ အမေရိကန် သမ္မတ Trump ရဲ့ ဗြိတိန်နိုင်ငံ ခရီစဉ်နဲ့ စလိုက်တဲ့ ဥရောပ ခရီးစဉ် အတွင်းမှာတော့ ပြင်သစ်နဲ့ အိုင်ယာလန်ကိုလည်း ဝင်ရောက်မှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

သမ္မတ Trump နဲ့ ဝန်ကြီးချုပ် May ပူးတွဲသတင်းစာရှင်း