အာရုံကျောထိ ဓာတုအဆိပ် သုံးခဲ့တဲ့အတွက် ရုရှားနိုင်ငံ တာဝန်ယူမှုရှိစေရေး အရေးယူလုပ်ဆောင်ဖို့ လိုတယ်ဆိုတာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့ ဗုဒ္ဓဟူးနေ့ တယ်လီဖုန်းဆက် ဆွေးနွေးချိန် သဘောတူခဲ့ကြတယ်လို့ သမ္မတအိမ်ဖြူတော်က ပြောပါတယ်။ ရုရှားသူလျှိုဟောင်းတဦးနဲ့ သူ့ရဲ့သမီးဖြစ်သူတို့ကို ဗြိတိန်နိုင်ငံမှာ အဲဒီအဆိပ်နဲ့ တိုက်ခိုက်ခဲ့တာပါ။
ဗြိတိသျှမြေပေါ်မှာ အရပ်သားတွေကို ဓာတုလက်နက်နဲ့ ရုရှားက တိုက်ခိုက်တဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ UK နိုင်ငံနဲ့အတူ တသားထဲ ရပ်တည်တယ်ဆိုတာ ထရမ့်ပ်နဲ့ Macron တို့ ထပ်လောင်း အတည်ပြု ပြောဆိုကြတယ်လို့ သမ္မတအိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက် မှာ ပြောထားပါတယ်။
ဒီလအစောပိုင်းက ဗြိတိန်နိုင်ငံ၊ Salisbury မြို့မှာ Sergei Skripal နဲ့ သမီးဖြစ်သူ Yulia တို့ကို အဆိပ်နဲ့တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ် အပေါ် ဗြိတိန်က ရုရှားကို အပြစ်ဖို့ ပြောဆိုထားပါတယ်။ Skripal နဲ့ သမီးဖြစ်သူတို့ရဲ့ အခြေအနေက စိုးရိမ်နေရဆဲပါပဲ။
ဒီဖြစ်ရပ်မှာ သူတို့ ပါဝင်ပတ်သက်တာ မရှိဘူးလို့ ရုရှားအစိုးရက ငြင်းထားပါတယ်။ ဒီတိုက်ခိုက်မှုကို လက်တုန့်ပြန်တဲ့အနေနဲ့ UK နိုင်ငံက ရုရှားသံတမန် ၂၃ ယောက်ကို ဗြိတိန်က နှင်ထုတ်ခဲ့သလို ရုရှားကလည်း အလားတူအရေအတွက်အတိုင်း ဗြိတိန် သံတမန်တွေကို နှင်ထုတ်ခဲ့ပါတယ်။
အမေရိကန်နဲ့ ပြင်သစ်သမ္မတတို့က အရေးယူလုပ်ဆောင်ဖို့ လိုတယ်လို့ သဘောတူကြပေမဲ့ ဘယ်လို လုပ်ဆောင်မှာလဲဆိုတာကို တော့ ထုတ်မပြောကြပါဘူး။
Your browser doesn’t support HTML5