ကမ္ဘာမှာ အမေရိကန် Billionaire အများဆုံး

သန်းထောင်ချီ ချမ်းသာတဲ့ သူဌေးကြီးများ စာရင်းမှာ ထိပ်ဆုံးရောက်လာတဲ့ Jeff Bezos

အမေရိကန်သမ္မတ Donald Trump ရဲ့ ဝင်ငွေဟာ မနှစ်က ဒေါ်လာ သန်း ၄၀၀ လျော့နည်း သွားတဲ့အတွက် သူဟာ ဒေါ်လာ ၃ ဒသမ ၁ ဘီလျံသာကြွယ်ဝတော့တာမို့ ကမ္ဘာ့ဘီလျံနာစာရင်းမှာ ၂၂၂ နေရာ လျော့ကျသွားတယ်လို့ Forbes မဂ္ဂဇင်းရဲ့ အင်္ဂါနေ့ ထုတ်ပြန်တဲ့ ကမ္ဘာ့ဘီလျံနာစာရင်းမှာ ဖေါ်ပြထားပါတယ်။

၂၀၁၇ ခုနှစ်တုန်းက Turmp ဟာ အကြွယ်ဝဆုံး လူချမ်းသာစာရင်းမှာ နံပတ် ၅၄၄ ရှိနေရာကနေ ၂၀၁၈ မှာတော့ ၇၆၆ ကိုဆင်းသွားတာ ဖြစ်ပြီး ဒါဟာ သူ့အတွက် ၂ နှစ်ဆက်တိုက် ဝင်ငွေကျဆင်းနေတာ ဖြစ်ပါတယ်။

သမ္မတ Trump လူချမ်းသာစာရင်းမှာ အဆင့်ကျသွားပေမယ့် Forbes ရဲ့ ဘီလျံနာစာရင်းဝင် ဖြစ်လာသူက ၃၅ ယောက်တိုးလာတာပါ။

Amazon အမှုဆောင်အရာရှိချုပ် Jeff Bezos ဟာ မနှစ်ကထက် ဒေါ်လာ ၃၉ ဒသမ ၂ ဘီလျံ ဝင်ငွေပိုများလာပြီး ဒေါ်လာ ၁၁၂ ဘီလျံကြွယ်ဝတဲ့ ကမ္ဘာ့အချမ်းသာဆုံးပါ။ Microsoft သူဌေးကြီး Bill Gates က ဒေါ်လာ ဘီလျံ ၉၀ နဲ့ စီးပွါးရေးရင်းနှီးမြှပ်နှံသူ လုပ်ငန်းရှင် Warren Buffett ကတော့ ၈၄ ဘီလျံ ဒေါ်လာကြွယ်ဝတဲ့ အချမ်းသာဆုံး ထိပ်တန်းစာရင်းဝင်တွေဖြစ်ပါတယ်။

စတုတ္ထ အချမ်းသာဆုံးက ဒေါ်လာ ၇၂ ဘီလျံ ရှိတဲ့ ဥရောပက ဇိမ်ခံပစ္စည်းထုတ်လုပ်တဲ့ LVMH ကုမ္ပဏီပိုင်ရှင် Bernard Arnault ဖြစ်ပါတယ်။

ဘီလျံနာတွေထဲမှာ အဆင့် ၁၇ မှာ ရှိသူကတော့ တရုတ်နိုင်ငံက Tencent ကုမ္ပဏီအကြီးအကဲ Ma Huateng ဖြစ်ပြီး Alibaba ကုမ္ပဏီက Jack Ma ကတော့ အဆင့် ၂၀ မြောက် ဘီလျံနာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဘီလျံနာစုစုပေါင်း ၅၈၅ ဦးရှိပြီး ကယ်လီဖိုးနီးယား ပြည်နယ်ထဲမှာတင် ဘီလျံနာ ၁၄၄ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။ ဒုတိယအများဆုံးက တရုတ်နိုင်ငံ ဖြစ်ပါတယ်။ဥရောပကတော့ ဘီလျံနာ ၁၂၃ ဦးရှိပြီး ဂျာမနီမှာ အများဆုံး ရှိပါတယ်။ အိန္ဒိယမှာ ၁၁၉ ဦးနဲ့ ရုရှားမှာ ၁၀၂ ဦးရှိပါတယ်။

ဒီနှစ် ဘီလျံနာ စာရင်းမှာ စံချိန်ကျိုး အမျိုးသမီး ဘီလျံနာပေါင်း ၂၅၆ ဦးပါဝင်ပြီး ထိပ်ဆုံးကတော့ ဒေါ်လာ ၄၆ ဘီလျံ ဝင်ငွေရှိတဲ့ Walmart စတိုးဆိုင်ကြီးတွေ ရဲ့ ပိုင်ရှင် Alice Walton ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကမ္ဘာမှာ အမေရိကန် Billionaire အများဆုံး