အမေရိကန်ပြည်ထောင်စု ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်ခဲ့တယ်ဆိုတဲ့ အမေရိကန် ထောက်လှမ်းရေးဌာနတွေရဲ့ ဆုံးဖြတ်ချက်အပေါ် သမ္မတ Donald Trump ရဲ့သဘောထားနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်ဟာ အခုချိန်ထိ မရေမရာဖြစ်နေပါတယ်။ ရုရှားဟာ အမေရိကန်အတွက် ခြိမ်းခြောက်မှုတရပ်ဖြစ်နေဆဲလားဆိုတဲ့ မေးခွန်းကို ဗုဒ္ဓဟူးနေ့ အစိုးရအဖွဲ့ အစည်းဝေးမှာ သမ္မတ Trump က "No" လို့ဖြေကြားခဲ့ပါတယ်။
နာရီပိုင်းအကြာ သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ သူရဲ့ပြောခွင့်ရ Sarah Sanders Huckabee က သမ္မတက "No" လို့ပြောတာဟာ သတင်းထောက်တွေရဲ့ မေးခွန်းကို ဖြေဖို့ ငြင်းဆိုတာသာဖြစ်ပြီး မေးခွန်းအတွက် အဖြေပေးတာမဟုတ်ဘူးလို့ ဆိုပြန်ပါတယ်။
သူတို့ရုရှားတွေဟာ အမေရိကန်ရွေးကောက်ပွဲကို အမှန်တကယ်ပစ်မှတ်ထားခဲ့တယ်လို့ ယုံကြည်တာပါ။ ကျမက သူရဲ့သဘောထားအတိုင်း ရှင်းပြနေတာပါ။ ပြောင်းပြန်လုပ်ပြောနေတာ မဟုတ်ဘူးလို့လည်း Sarah Sanders Huckabee ကရှင်းလင်းသွားပါတယ်။ ဒီရှင်းလင်းချက်အပေါ် သတင်းထောက်တွေက မကျေမနပ်ဖြစ်လို့ သမ္မတ Trump ကိုမေးတော့ သူက မဖြေခဲ့ပါဘူး။ ဒါပေမယ့် ဗုဒ္ဓဟူးနေ့က CBS Evening News အစီအစဉ်မှာတော့ ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားကနေစွက်ဖက်ခဲ့တာ ဟုတ်တယ်၊ သမ္မတ ပူတင်က ဒီအတွက် တာဝန်ယူရမယ်လို့ သမ္မတ Trump ကပြောကြားသွားပါတယ်။
Your browser doesn’t support HTML5