သမ္မတ Trump အာရှခရီးစဉ် မြောက်ကိုရီးယားအရေး အဓိကဆွေးနွေးမည်

သမ္မတ Trump

အမေရိကန် သမ္မတ Donald Trumpရဲ့ အာရှခရီးစဉ် အတွင်း နောက်သတင်းပတ် တရုတ်နိုင်ငံကို ပထမဆုံး အကြိမ်အဖြစ် သွားရောက်တဲ့ အခါမှာ ကုန်သွယ်ရေး၊ မြောက်ကိုရီးယား အရေးတို့ကို ထိပ်တန်း ဦးစားပေး ဆွေးနွေးမယ်လို့ ခန့်မှန်းရပါတယ်။

ခရီးစဉ် အတွင်း ထူးခြားတဲ့ ရလဒ်တချို့ ထွက်ပေါ်လာနိုင်တယ်လို့ တရုတ် တာဝန်ရှိသေူတွက ခိုင်ခိုင်မာမာ ပြောဆိုနေကြပေမယ့်လည်း သမ္မတ Trump ရဲ့ ချဉ်းကပ်မှုအပေါ်မှာ အများကြီး မူတည်တယ်လို့ သုံးသပ်သူတို့ကတော့ ပြောဆိုကြပါတယ်။ ဒီနှစ်အစောပိုင်း အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်မှာ သမ္မတ Trump နဲ့ တရုတ် သမ္မတ Xi Jinping တို့ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း အပြောင်းလဲတွေ ရှိခဲ့သလို မပြောင်းလဲတာတွေလည်း ရှိပါတယ်။ ကုန်သွယ်ရေးက ကိစ္စရပ်ကြီး တခုအဖြစ် ရှိနေတာ ဖြစ်ပေမယ့် မြောက်ကိုရီးယား အရေးက နှစ်နိုင်ငံ ဆက်ဆံရေးမှာ ရှေ့တန်းကို ရောက်လာပါတယ်။

ဒီကိစ္စ နှစ်ရပ်ကို သမ္မတ Trump က အတူချိတ်ဆက်လိုက်ပြီး တရုတ် သုံးသပ်သူတွေကတော့ ဗျူဟာမမြောက်တဲ့ မဟာဗျူဟာအဖြစ် ပြောဆိုကြပါတယ်။ ကမ္ဘာ့ အရှုပ်ထွေးဆုံး အမေရိကန် - တရုတ်ကြားက ဆက်ဆံရေးနဲ့ ကမ္ဘာ့အခက်ခဲဆုံး ပြသနာ ဖြစ်တဲ့ မြောက်ကိုရီးယား အရေးတို့ကို ချိတ်ဆက်လိုက်တဲ့ မဟာဗျူဟာကြောင့် ရလဒ်တချို့လည်း ထွက်ပေါ်လာခဲ့ပါတယ်။

တရုတ်ဘက်က မြောက်ကိုရီးယား အပေါ်မှာ အပြင်းထန်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှု တချို့ကို ဒီနှစ် အတွင်း အတည်ပြုခဲ့သလို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း ဘက်ကလည်း ရန်စတဲ့ ဒုံးကျည်စမ်းသပ်မှုနဲ့ ၆ ကြိမ်မြောက် နျူးကလီးယား စမ်းသပ်မှုလုပ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဖြေရှင်းချက်ကို စမ်းသပ်ခဲ့ပါတယ်။ ခရီးစဉ် အတွင်းမှာ သမ္မတ Trumpအနေနဲ့ မြောက်ကိုရီးယား အစိုးရ အပေါ် တရုတ်အစိုးရက ပိုပြီး သြဇာသုံးရေး ဖိအားပေးနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒါပေမယ့် ဖိအားပေးမှု တခုတည်းနဲ့တော့ တရုတ်ကို ဆွဲဆောင်နိုင်မှာတော့ မဟုတ်ပါဘူး။

Your browser doesn’t support HTML5

သမ္မတ Trump အာရှခရီးစဉ် မြောက်ကိုရီးယားအရေး အဓိကဆွေးနွေးမည်