ကန်နဲ့ ဂျပန်ခေါင်းဆောင်နှစ်ဦး အပန်းဖြေရင်းဆွေးနွေး

အမေရိကန်သမ္မတ Donald Trump နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့နှစ်ဦးတွေ့ဆုံကြတဲ့ ထိပ်သီးဆွေးနွေးပွဲရဲ့ ဒုတိယ မြောက်နေ့အဖြစ် မနေ့ စနေနေ့တုန်းက နှစ်နိုင်ငံခေါင်းဆောင်တွေဟာ အလုပ်ကိစ္စအတွက်ရော အပန်းဖြေမှုအတွက်ပါ တွေ့ဆုံခဲ့ကြပါတယ်။

အမေရိကန် ဂျပန် မဟာမိတ်ဖြစ်မှုဟာ အရှေ့အာရှဒေသ ငြိမ်းချမ်းရေးအတွက် အုတ်မြစ်ဖြစ်တယ်လို့ သမတ Trump က အိမ်ဖြူတော်မှာ ကြေညာပြောဆိုခဲ့ပြီး၊ နောက်တနေ့ စနေနေ့မှာတော့ ခေါင်းဆောင်နှစ်ဦးဟာ Palm ကမ်းခြေမှာရှိတဲ့ Mar-a-Lago အိမ်ယာအနီးက ဂေါ့ဖ်ကွင်းမှာ ဂေါ့ဖ်ကစားခဲ့ကြသလို၊ ဖလော်ရီဒါ ပြည်နယ်က Trump ပိုင်ဆိုင်တဲ့ အပန်းဖြေနေရာတွေမှာ အပန်းဖြေစားသုံးပြီး အလုပ်စကား ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။

သမ္မတ Trump တို့ရဲ့ယာဉ်တန်း ဂေါက်ရိုက်မယ့်နေရာကို ရောက်မလာခင် အဲဒီနေရာမှာ ဒါဇင်နဲ့ချီတဲ့လူထုက “အမုန်းစကားတွေ ရပ်- တိုက်ပွဲဝင်ကြ” စတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဖလော်ရီဒါကိုမထွက်ခွာခင် သောကြာနေ့တုန်းက ခေါင်းဆောင်၂ဦးတို့ဟာ နှစ်နိုင်ငံ ရေရှည်လက်တွဲ လုပ်လာခဲ့တဲ့ လုံခြုံရေးသဘောတူညီမှုတွေကို ဆက်ပြီးထိန်းသိမ်းသွားဖို့နဲ့ စီးပွားရေးဆက်ဆံမှု ပိုမိုအားကောင်းလာစေဖို့ ဆွေးနွေးခဲ့ကြပါတယ်။

သမ္မတ Trumpနဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ မူဘောင်အသစ်တွေ ချမှတ်နိုင်ရေး ဆွေးနွေးခဲ့ကြပြီး၊ အဲဒီထဲမှာ ပစိဖိတ်ရပ်ဝန်းဒေသနိုင်ငံများ ကုန်သွယ်ရေး သဘောတူစာချုပ် TPP နဲ့ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ မစ္စတာAbe ကပြောပါတယ်။ အမေရိကန်-ဂျပန် နှစ်နိုင်ငံကြား ကုန်သွယ်မှုမှန်သမျှဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိစေရမယ်လို့ Trump က ပြောပါတယ်။ ဂျပန်ဖက်ကတော့ Trump ရဲ့ အမေရိကန်ဦးစားပေးရေး မဟာဗျူနဲ့ TPP စာချုပ်ကနေ နှုတ်ထွက်ခဲ့လို့ ဖြစ်လာမယ့် အကျိုးဆက်တွေပေါ် စိုးရိမ်နေပါတယ်။

Your browser doesn’t support HTML5

ကန်နဲ့ ဂျပန်ခေါင်းဆောင်နှစ်ဦး အပန်းဖြေရင်းဆွေးနွေး