မက္ကစီကိုနိုင်ငံနဲ့ နယ်စပ်မှာ တံတိုင်းကာမယ့် အသုံးစရိတ်ရနိုင်ဖို့ အမေရိကန် သမ္မတ Donald Trump နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာခဲ့တဲ့အပေါ် ပြည်နယ် ၁၆ ခုက တရားစွဲလိုက်ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်က ဦးဆောင်ပြီး ပြည်နယ် အစိုးရရှေ့နေချုပ်တွေ မနေ့နှောင်းပိုင်းမှာပဲ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းခရိုင် တရားရုံးမှာ တိုင်ကြားလိုက်ကြတာပါ။ သမ္မတရဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ဟာ အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့ ဥပဒေမဲ့လုပ်ရပ်ဖြစ်သလို၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်တွေ၊ စစ်ဖက်ဆိုင်ရာ ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ တခြားတရားဥပဒေ စိုးမိုးရေး လုပ်ငန်းတွေက အသုံးစရိတ်တွေကို ယူသုံးမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာ ပြည်နယ်တွေနဲ့ ဒေသခံတွေအတွက် နစ်နာတယ်ဆိုပြီး တရားစွဲခဲ့ကြတာ ဖြစ်ပါတယ်။
လွှတ်တော်ရဲ့ ခွင့်ပြုချက်မရဘဲ တံတိုင်းဆောက်မယ့် အစီအစဉ်အတွက် တခြားအစိုးရဌာနတွေက အသုံးစရိတ်တွေကို လွဲှပြောင်းသုံးစွဲမယ့် အစီအစဉ်တွေကို အပြီးတိုင် ရပ်ဆိုင်းဖို့ တရားရုံးကို လျှောက်လဲခဲ့ကြတာပါ။ တံတိုင်းကာမယ့် လမ်းကြောင်းမှာ ကျရောက်နေတဲ့ တက္ကဆက်ပြည်နယ်က မြေပိုင်ရှင် ၃ ယောက်နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှု အဖွဲ့တခု တို့ကလည်း သမ္မတရဲ့ ကြေညာချက်ကို တရားစွဲခဲ့ကြတာပါ။ ပြည်နယ်အစိုးရတွေက တရားစွဲဆိုလိုက်တဲ့အပေါ် အိမ်ဖြူတော်ကတော့ တစုံတရာ တုံ့ပြန်တာ မရှိသေးပါဘူး။ ဒါပေမဲ့လည်း အရေးပေါ် ကြေညာချက်ကို ဥပဒေကြောင်းအရ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမယ် ဆိုတာကိုတော့ အိမ်ဖြူတော်က ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်ပါတယ်။
Your browser doesn’t support HTML5