မြိတ်ကျွန်းစုနဲ့ မြန်မာ့ခရီးသွားလုပ်ငန်း

စစ်အစိုးရတွေရဲ့ အုပ်ချုပ်မှုအောက် ဆယ်စုနှစ်တွေနဲ့ချီပြီး အထီးကျန်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ မကြာသေးခင် နှစ်တွေအတွင်း အပြောင်းအလဲတွေနဲ့အတူ နိုင်ငံတကာက ခရီးသွားတွေလည်း အသွားအလာတွေ ပိုများလာနေပါတယ်။ သဘာဝအလှနဲ့ တောတောင်ရေမြေတွေကို စိတ်ဝင်စားတဲ့ ခရီးသွားတွေကြားမှာ ဆိုရင်လည်း မြန်မာနိုင်ငံတောင်ပိုင်းက မြိတ်ကျွန်းစုက အထူးသဖြင့် ရေပမ်းစားလာနေတာပါ။ တချိန်တည်းမှာပဲ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာတာနဲ့အမျှ ပတ်ဝန်းကျင်နဲ့ လူမှုဘဝတွေအပေါ် ရိုက်ခတ်လာမှာကို စိုးရိမ်မကင်းစရာတွေလည်း ရှိနေတဲ့အကြောင်းကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။

ပို့စကဒ် ဓာတ်ပုံတွေထဲကလို သဘာဝအလှအပမျိုး နိုင်ငံခြားသားတွေ အပြင်မှာ ရှားရှားပါးပါး တွေ့နိုင်တဲ့ နေရာတခုကတော့ မြန်မာနိုင်ငံ တောင်ပိုင်း ကပ္ပလီပင်လယ်ပြင်ထဲက မိုင်ပေါင်း ၂၅၀ လောက်ရှိတဲ့ မြိတ်ကျွန်းစုပါ။ လတ်ဆတ်တဲ့လေနဲ့ သန့်ရှင်းတဲ့ ကမ်းခြေတွေ သာမက ဘာဆိုဘာမှ မရှိပဲ သဘာဝအရိုင်းအတိုင်း ရှိနေတာကလည်း နိုင်ငံတကာက ခရီးသွားတွေကို ဆွဲဆောင်နေတာ ဖြစ်ပါတယ်။ လတ်တလော မြိတ်ကျွန်းစုတွေကို ရောက်လာကြတဲ့ ကမ္ဘာလှည့်ခရီးသွား အများစုကတော့ စက်လှေတွေ၊ အပျော်စီး ရွက်သင်္ဘောတွေ ငှားရမ်းပြီး လာကြတာ ဖြစ်ပါတယ်။

ဂျာမဏီနိုင်ငံ ဟမ်းဘတ်ခ်မြို့က ကမ္ဘာလှည့် ခရီးသွား Christoph Schwanitz ကတော့ မကြုံဖူးလောက်အောင် သာယာလှပတဲ့ သဘာ၀ အတွေ့အကြုံလို့ ဆိုပါတယ်။
“အခြေခံအဆောက်အအုံတို့၊ လမ်းတို့၊ အိမ်တို့ ဘာဆိုဘာမှ မရှိပါဘူး။ Shangri-la လို အဆက်ပြတ်နေတဲ့ ကမ္ဘာတခုလိုမျိုးပါ။ ကျနော်နဲ့ တခြားလူတွေအားလုံး ဒါမျိုးအရင်က တခါမှ မတွေ့ဖူးပါဘူး။ ကျနော်တို့ အတွက်တော့ အံ့မခန်းလောက်အောင်ပါပဲ။”

ကျွန်းပေါင်း ၈၀၀ လောက်ရှိတဲ့ မြိတ်ကျွန်းစုမှာ ဟိုတယ်ဆိုလို့ ခက်ရင်းခွကျွန်းပေါ်က Myanmar Andaman Resort တခုပဲရှိပါတယ်။ မြိတ်ကျွန်းစုဟာ ခရီးသွားတွေ ခြေမရှုပ်လှသေးတဲ့ နေရာတခု ဖြစ်နေတာကြောင့်လည်း ကနေဒါနိုင်ငံ Vancouver မြို့က Margaret Moreau နဲ့ Manfred Kuchenmuller တို့လို သဘာဝအလှ စစ်စစ်ကို နှစ်သက်တဲ့ ကမ္ဘာလှည့် ခရီးသွားတွေအတွက် သဘောကျစရာ ဖြစ်နေရပါတယ်။
“ကျမတို့ကတော့ အေးအေးချမ်းချမ်းနဲ့ အသွားအလာလည်းနည်း၊ ခရီးသွားတွေလည်း သိပ်မရှိတဲ့ နေရာမျိုးကိုပဲ လာလည်ချင်ပါတယ်။ ဘန်ကောက်မှာ ရေငုပ်တာ၊ ရေအောက်မှာ အလှကြည့်တာတွေ တပုံကြီးရှိမှာပါ။ ဒါပေမဲ့လည်း လူတွေသွားလာနေကြတာက နှစ် ၃-၄၀လောက် ရှိပါပြီ၊ ပါတီတွေ၊ ဘီယာဝိုင်းတွေနဲ့ ဆိုတော့လည်း ကျမတို့ကတော့ သဘာဝစစ်စစ်ကိုပဲ ကြည့်ချင်တာပေါ့။”

“ပိုပြီးလတ်ဆတ်ပါတယ်။ လူတွေလည်း ဒါမျိုးပဲ ရှာကြမယ် ထင်ပါတယ်။ ဒီလိုလူတွေအတွက်တော့ ဒီနေရာဟာ မျှော်လင့်ထားတဲ့ အတိုင်းတွေ့ရမှာပါ။”

ပြီးခဲ့တဲ့နှစ်ထဲမှာ မြိတ်ကျွန်းစုတွေ အားလုံးကို လည်ပတ်တဲ့ ခရီးသွား အရေအတွက်ဟာ ၂ ထောင်သာ ရှိခဲ့တဲ့အတွက်လည်း ကျွန်းတကျွန်းကို ခရီးသွား ၃ ယောက်တောင် မပြည့်တဲ့ အရေအတွက်ပါ။ ဒါပေမဲ့လည်း ဒီအခြေအနေတွေ ပြောင်းလဲလာမယ့် အလားအလာတွေကိုလည်း တွေ့မြင်နေရပါပြီ။ စင်္ကာပူအခြေစိုက် Zochwell ကုမ္ပဏီကတော့ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားကြတဲ့ ထိုင်းနိုင်ငံက ကျွန်းစုတွေလို တင်စားပြီး ဒုတိယ ဖူးခက်လို့ အမည်ပေးထားတဲ့ စီမံကိန်းတခုကို မြိတ်ကျွန်းစုတွေမှာ တည်ဆောက်ဖို့ စီစဉ်နေတာပါ။ ရင်းနှီးမြှုပ်နှံကြမယ့် သူတွေကို ပြသခဲ့တဲ့ ဗွီဒီယိုမှာတော့ ဆလုံကျွန်းပေါ်မှာ တည်ဆောက်မယ့် ကမ်းခြေအပမ်းဖြေရိပ်သာ၊ ကြယ်ငါးပွင့် ဟိုတယ်၊ အိမ်ခန်းတွဲတွေ သာမက နာမည်ကျော် အမေရိကန် Golf ချန်ပီယံ Jack Nicklaus ကိုယ်တိုင် ဒီဇိုင်းပုံစံထုတ်ထားတဲ့ ဂေါက်ကွင်းတကွင်း၊ ကာဆီနိုလောင်းကစားရုံလည်း ပါဝင်တာကို တွေ့ရပါတယ်။
ကျနော်တို့နိုင်ငံမှာ ဒီနေရာဟာ ရင်းနှီးမြှုပ်နှံမှုတွေ လုံး၀ မရောက်သေးတဲ့ နေရာပါ။

ဆလုံကျွန်းက စီမံကိန်းမစခင်မှာပဲ မြိတ်ကျွန်းစုထဲက ခြင်ကိုက်ကျွန်းမှာတော့ လုပ်ငန်းတွေ အစပျိုးနေပါပြီ။ မြန်မာပြည်မှာ အချမ်းသာဆုံးနဲ့ အဆက်အသွယ် အကောင်းဆုံး စီးပွားရေးသမား တယောက်အဖြစ် အများက ယူဆထားကြတဲ့ ဦးတေဇက ကျွန်းကိုငှားရမ်းထားပြီး ဆိပ်ခံတခု၊ အပမ်းဖြေဟိုတယ်တခုနဲ့ ကမ်းခြေမှာလည်း အနည်းဆုံး အိမ် ၉ လုံး အပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းတွေ စတင်နေတာပါ။ မြန်မာအစိုးရကတော့ မြိတ်ကျွန်းစုမှာ လောလောဆယ် လုပ်ငန်းလုပ်ခွင့် ၁၂ ခု ချထားပေးပြီး၊ နောက်ထပ် ခွင့်ပြုချက်တွေ ပေးဖို့လည်း စဉ်းစားနေပါတယ်။ စီးပွားရေးသမားတွေ မျက်စေ့ကျလာနေတာနဲ့အမျှ ဖွံ့ဖြိုးမယ့် အလားအလာတွေ တွေ့မြင်နေရတဲ့ မြိတ်ကျွန်းစုမှာ ပတ်ဝန်းကျင်နဲ့ လူနေမှုဘဝတွေအပေါ် အကျိုးဆက်တွေ ရိုက်ခတ်လာလေမလား မေးခွန်းထုတ်စရာတွေလည်း ရှိနေတာပါ။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးအောင်နိုင်ဦးကတော့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကြောင့် ဆိုးကျိုးတွေ မဖြစ်အောင် ဦးစားပေး ဆောင်ရွက်နေတဲ့အကြောင်း ပြောပါတယ်။
“မြိတ်ကျွန်းစုတွေအကြောင်း ပြောမယ်ဆိုရင် ကျနော်တို့နိုင်ငံမှာ ဒီနေရာဟာ ရင်းနှီးမြှုပ်နှံမှုတွေ လုံး၀ မရောက်သေးတဲ့ နေရာပါ။ တချိန်တည်းမှာပဲ ဒီနေရာမှာ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ပတ်ဝန်းကျင် မထိခိုက်အောင်လည်း လုပ်ဖို့လိုပါတယ်။ ကျနော်တို့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကတော့ ပတ်ဝန်းကျင် မထိခိုက်အောင် အဓိက အာရုံစိုက်နေပါတယ်။”

တကယ်တော့ ဖွံ့ဖြိုးရေးအစီအစဉ်တွေ ဝင်ရောက်မလာခင်မှာကိုပဲ မြိတ်ကျွန်းစုရဲ့ သဘာဝပတ်ဝန်းကျင်ဟာ စိန်ခေါ်မှုတွေနဲ့ ကြုံနေရတာပါ။ ငါးခိုးဖမ်းတာ၊ အထူးသဖြင့်ကတော့ ဒိုင်းနမိုက်တွေနဲ့ ငါးဖမ်းမှုတွေကြောင့် ရေအောက်က သန္တာကျောက်တန်းတွေ ထိခိုက်ပျက်စီးတာတွေလည်း ရှိနေပါတယ်။ အီတလီနိုင်ငံက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ OIKOS ကတော့ ရေရှည်ခံမယ့် ဖွံ့ဖြိုးရေးအစီအစဉ်တွေနဲ့ အခြေအနေတွေကို ထိန်းနိုင်ဖို့ ကြိုးစားနေတာပါ။

လမ်းပိကျွန်းမှာ အခြေစိုက်ထားတဲ့ OIKOS ရဲ့ စီမံကိန်းမန်နေဂျာ Julia Tedesco ကတော့ စိန်ခေါ်မှုတွေ ရှိနှင့်ပြီးသား အခြေအနေမှာ နောက်ထပ် ဝင်လာမယ့် ခရီးသွား လုပ်ငန်းတွေကြောင့် ပိုဆိုးမလာဖို့ လိုတယ်လို့ ဆိုပါတယ်။
“ခရီးသွားလုပ်ငန်း ရှုဒေါင့်က ကြည့်မယ်ဆိုရင်တော့ အင်မတန်မှ သိမ်မွေ့တဲ့ အခိုက်အတန့်တခု၊ ရေရှည်ခံမယ့် ဖွံ့ဖြိုးမှုတွေအတွက် မှန်မှန်ကန်ကန်ဖြစ်အောင် လုပ်နိုင်မယ့် အခိုက်အတန့် တခုလို့ပဲ ဆိုကြပါစို့။ သိမ်မွေ့တဲ့ အသွင်ကူးပြောင်းရေး အခိုက်အတန့်မှာ အလားအလာကောင်းတွေ ရှိနေပေမဲ့ စိမ်ခေါ်မှုတွေကလည်း ရှိနေတာပါ။”

ခရီးသွားလုပ်ငန်းတွေကနေ ချက်ခြင်းလက်ငင်း ရိုက်ခတ်ကောင်း ရိုက်ခတ်လာနိုင်တာကတော့ ရာစုနှစ်တွေနဲ့ချီပြီး ရှိလာခဲ့တဲ့ ယဉ်ကျေးမှု အစဉ်အလာတွေပါ။ ပင်လယ်ပျော် ဂျစ်ပစီတွေလို့ နိုင်ငံခြားသားတွေက သိကြတဲ့ ဆလုံတိုင်းရင်းသားတွေရဲ့ လူနေမှု ဘဝတွေဟာ ဆိုရင်လည်း အာဏာပိုင်တွေက ဖယ်ရှားခိုင်းတာ၊ ဒါမှမဟုတ်ရင်လည်း အလုပ်အကိုင်ရနိုင်ဖို့ တခြားကို ပြောင်းရွှေ့ အခြေချကြရတာတွေကြောင့် တဖြည်းဖြည်း ပျောက်ကွယ် လာနေတာ ဖြစ်ပါတယ်။

မြိတ်ကျွန်းစုက ဆလုံတွေကြားမှာ နှစ် ၂၀ လောက်နေလာခဲ့တဲ့ မွန်တိုင်းရင်းသား ကိုအောင်ဆန်း ကတော့ အစဉ်အလာ လုပ်ငန်းကလွဲလို့ တခြားလည်း မလုပ်တတ်တော့ဖူးလို့ ဆိုပါတယ်။
“ဆလုံတွေက သူတို့ ဒီကျွမ်းကျင်တဲ့အလုပ် ကင်းမွန်လုပ်ငန်းလောက်ပဲ သူတို့လုပ်တယ်။ တခြားလုပ်ငန်းလည်း မတတ်ဘူး၊ အဲလိုမျိုး ဖြစ်နေတယ်။ နောက်ပိုင်း ကင်းမွန် မကိုက်လို့ရှိရင်လည်း မျှော့လုပ်ငန်းလုပ်မယ်။ မျှော့မရှိဘူးဆိုရင်လည်း ကင်းမွန်မျှားမယ်။ အဲဒီလောက်ပဲရှိမယ်။ တခြားလုပ်ငန်းလည်း သူတို့ကနားမလည်၊ သွားလည်း မသွားတတ်ကြပါဘူး။”

ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေကတော့ ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေမှာ မကြာခန ဖြစ်လေ့ရှိတတ်တဲ့အတိုင်း စီးပွားရေး အခွင့်အလမ်းတွေနောက်ကို လိုက်ရာက နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြုံရမှာကို စိတ်မအေး ဖြစ်နေကြတာပါ။ မြန်မာနိုင်ငံမှာလည်း ရှောင်လွဲလို့ မရနိုင်တဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်လာနေတာနဲ့အမျှ သာယာလှပတဲ့ မြိတ်ကျွန်းစုအဖြစ် ဆက်လက် ထိန်းသိမ်း သွားနိုင်ဖို့နဲ့ စီးပွားရေး အကျိုးအမြတ်တွေကြားမှာ သဟဇာတဖြစ်အောင် စီမံနိုင်ဖို့ကတော့ ကြီးမားတဲ့ စိန်ခေါ်မှုတခုလို့ ဆိုရမှာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားလိုက်ပါရစေ။