ပဋိပက္ခတွေ ဖြစ်ပွါးနေတဲ့ Afghanistanနိုင်ငံ ငြိမ်းချမ်းလာစေဖို့ လုပ်ဆောင်တဲ့ အနေနဲ့ အင်ဒိုနီးရှား၊ Afghanistan နဲ့ ပါကစ္စတန်က အစ္စလာမ် ပညာရှင်တွေပါဝင်တဲ့ ကော်မတီတရပ်ကို ထူထောင်ဖို့ သောကြာနေ့မှာ အင်ဒိုနီးရှားသမ္မတ Joko Widodo က အဆိုပြုလိုက်ပါတယ်။
သမ္မတ Widodo ဟာ အင်ဒိုနီးရှား ဝန်ကြီးတွေနဲ့ စီးပွါးရေးလုပ်ငန်းရှင်ကြီးတွေပါတဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အတူ ပါကစ္စတန်နိုင်ငံ Islamabad မြို့ကို ၂ ရက်ကြာတရားဝင် ခရီးသွားရောက်နေစဉ်မှာ အခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အာဖဂန်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အပြုသဘောဆောင်တဲ့ ကဏ္ဍကနေ ပါဝင်နိုင်တယ်လို့ Pakistan သမ္မတ Momnoon Hussain ကို သမ္မတ Widodo က ပြောကြားခဲ့ကြောင်း နဲ့ အင်ဒိုနီးရှား၊ အာဖဂန်နဲ့ ပါကစ္စတန် မူစလင်ပညာရှင်တွေ ပါဝင်တဲ့ ကော်မတီတရပ်ဖွဲ့စည်းဖို့ပါ အဆိုပြုခဲ့ကြောင်း ခေါင်းဆောင် ၂ ဦး တွေ့ဆုံပွဲအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
သမ္မတ Hussain ကလည်း ဒီအဆိုပြုချက်ကို သဘောတူခဲ့သလို ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် Afghanistan နိုင်ငံငြိမ်းချမ်းဖို့ လိုအပ်တယ်လို့ ပြောကြားရင်း ၂ နိုင်ငံ လက်တွဲလုပ်ဆောင်ဖို့ ကတိပေးခဲ့တာပါ။
အစောပိုင်းမှာ အင်ဒိုနီးရှားသမ္မတ Widodo ဟာ ပါကစ္စတန်လွှတ်တော် ၂ ရပ် ပူးတွဲကျင်းပတဲ့ အထူးအစည်းဝေးမှာ မိန့်ခွန်းပြောကြား ခဲ့ပြီး ဒေသတွင်း စီးပွါးရေး တိုးတက်လာစေဖို့အတွက် နိုင်ငံရေးတည်ငြိမ်မှုနဲ့ လုံခြုံရေးဟာ အရေးပါကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။
Afghanistan နိုင်ငံတွင်း လှုပ်ရှားနေတဲ့ တာလီဘန်သူပုန်တွေကို ပါကစ္စတန်က သူ့မြေပေါ်ကနေ နယ်စပ်ကျော်ဖြတ်ပြီး အာဖဂန်မှာ တိုက်ခိုက်ဖို့ ကြံစည်နေတာကို ခွင့်ပြုပြီး လျှို့ဝှက်ပံ့ပိုးပေးနေတယ်လု့ိလည်း စွပ်စွဲထားတဲ့ ပါကစ္စတန် လွှတ်တော်မှာ မိန့်ခွန်းပြောခဲ့တာပါ။ ပါကစ္စတန်ကတော့ ဒါကို ငြင်းဆိုပြီး အာဖဂန်ငြိမ်းချမ်းရေး ဟာ ပါကစ္စတန်တည်ငြိမ်အေးချမ်းရေးအတွက် အရေးပါတယ်လို့ တွင်တွင် ပြောနေတာပါ။
Your browser doesn’t support HTML5