[[Zawgyi/Unicode]]
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့အတွင်းကို ဒီကနေ့ မနက်က TNLA ခေါ် တအန်း(ပလောင်) တပ်ဖွဲ့တွေ ဝင်ရောက်ခဲ့ပြီး မြို့အရှေ့ပိုင်း ရပ်ကွက်အချို့နဲ့ ဟိုနားကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေပါတယ်။ ဒီတိုက်ပွဲအတွင်း လက်နက်ကြီးကျည်ထိပြီး ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား အနည်းဆုံး ၆ ဦး ထိခိုက်ခဲ့ပါတယ်။ နမ့်ခမ်းမြို့တိုက်ပွဲအခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုဇော်ဝင်လှိုင်က တင်ပြပေးထားပါတယ်။
TNLA ခေါ် တအန်း (ပလောင်) တပ်ဖွဲ့တွေဟာ နမ့်ခမ်းမြို့တွင်းကို ဒီနေ့ မနက် ၈ နာရီလောက် ဝင်ရောက် လာခဲ့ပြီး နေ့ခင်း ၁၂ နာရီလောက်မှာ ပစ်ခတ်တာတွေ စတင်ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို မြို့ခံတဦးက VOA ကို အခုလို ပြောပါတယ်။
“ဒီမနက် TNLA တွေ မြို့ထဲ ရောက်လာတယ်။ ရပ်ကွက် ၃ မှာပေါ့။ ၁၂ နာရီလောက်မှာ လက်နက်သံတွေကြားရတယ်။ လက်နက်ကြီးသံတွေပေါ့နော်။ ဒီ ရပ်ကွက် ၂ မှာပေါ့နော်။ ရပ်ကွက် ၂ က မြို့ပြင် နည်းနည်းကျတာပေါ့။ ဟိုနားကျေးရွာနဲ့ ကပ်ရက်ပေါ့။ အဲဒီမှာ လက်နက်ကြီး တလုံးကျတော့ ရွာကလူ ထိသွားတယ်။ ၆ ယောက်လောက်ထိသွားတယ်။ ဒဏ်ရာပြင်းတာကတော့ ၃ ယောက်လောက်ရှိမယ်ထင်တယ်။ အဲဒီနောက်ပိုင်းကျတော့ TNLA နဲ့ တပ်မတော် အဲဒီမှာ တိုက်ပွဲဖြစ်ရော။ ဟိုနားနဲ့ ရပ်ကွက် ၂ မှာပေါ့နော်။ အခုချိန် ထိပဲ၊ လက်နက်သံတွေ ကြားနေရသေးတယ်။”
အခြားဒေသခံတဦးကတော့ လက်နက်ကြီးကျည်ဟာ ဟိုနားရွာ ကချင်စုအပိုင်းမှာကျရောက်ပြီး ထိခိုက်ဒဏ် ရာ ရသူတွေထဲမှာ ကလေး ၂ ယောက်ပါဝင်ကြောင်း ပြောပါတယ်။
“ဟိုနားက ကချင်စု၊ ကချင်စုရပ်ကွက်မှာကျတယ်။ အဲဒီမှာ ပြည်သူလူထုက ၈ ယောက် ထိတယ်။ ဒါပေမယ့် ၆ ယောက်ပဲ ထိတယ်လို့ ပြောတယ်။ ကလေး ၂ နှစ်အရွယ်၊ ၅ နှစ်အရွယ်ပါတယ်။ ရွာကတော့ အသေအပျောက်တော့ မရှိဘူး။ ဒါပေမယ့် ကလေးတွေက နည်းနည်း စိုးရိမ်ရတာပေါ့။ တချို့က ပေါင်ကြားတွေ ထိတာ။”
တိုက်ပွဲဖြစ်နေတဲ့နေရာဟာ နမ့်ခမ်းမြို့ အရှေ့ဘက် ရပ်ကွက်၁၊ ရပ်ကွက် ၂ နဲ့ ဟိုနားရွာဘက်မှာ ဖြစ်ပြီး နမ့်ခမ်းမြို့ပေါ်မှာ လူအသွားအလာ ကင်းမဲ့နေကြောင်းလည်း ဆက်ပြောပါတယ်။
“အခုက ပစ်နေတုန်းပဲ၊ လက်နက်ကြီးက ခန ခန ကြားတယ်။ ၅ မိနစ်ဆို တလုံးကျပြီ။ ၅ မိနစ်၊ ၅ မိနစ်ဆို တလုံးကျပြီ။ အခုက မြို့ပေါ်က လူတွေလည်း တိတ်ဆိတ်နေတာပဲ။ ဘယ်သူမှ အိမ်အပြင်မထွက်တော့ဘူး။ ဈေးတွေ အကုန်ပိတ်ထားပြီးပြီ။ လမ်းပေါ်မှာ လူမရှိတော့ဘူး။ တိတ်နေပြီ အကုန်လုံး။”
ဒေသခံတွေက ဟိုနားရွာမှာကျတဲ့ လက်နက်ကြီးကျည်ဟာ နမ့်ခမ်းမြို့တောင်ဘက်က စခန်း ၁ လို့ ခေါ်တဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တာဖြစ်ကြောင်း ပြောပေမယ့် သီးခြား အတည်ပြုချက်တော့မရပါဘူး။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂ ယောက်ကျဆုံးကြောင်းနဲ့ TNLA ဘက်ကလည်း ထိခိုက်သူတွေကို ပြန်လည်သယ်ယူသွားပြီး အရေအတွက်ကို အတိအကျမသိရကြောင်းနဲ့ တိုက်ပွဲဟာ နေ့ခင်း ၁၂ နာရီလောက်ကနေ ညနေ ၅ နာရီလောက်အထိ ဆက်ဖြစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
နမ့်ခမ်းမြို့ တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရကို မေးမြန်းရာမှာ အခြေအနေ မသိရသေးကြောင်း ပြောဆိုပြီးTNLA က ပြောရေးဆိုခွင့်ရှိသူကိုတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဇန်နဝါရီလ ၄ ရက်နေ့ကလည်း နမ့်ခမ်းမြို့ မြို့မဈေးအတွင်းမှာ လူ ၂ ယောက် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။
ဒီသေဆုံးသူ ၂ ယောက်ဟာ TNLA အဖွဲ့က ဈေးအတွင်း အခွန်ကောက်ယူသူတွေဖြစ်ကြောင်းနဲ့ ဒီကနေ့ ဖြစ်တဲ့တိုက်ပွဲဟာ ဒီသတ်ဖြတ်မှုနဲ့ ဆက်စပ်နိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာလ လလယ်ပိုင်းကလည်း TNLA က အခွန်ကောက်ယူမှု များပြားတယ်ဆိုပြီး နမ့်ခမ်းဈေးကို ၅ ရက်ကြာ ပိတ်ခဲ့ကြပါတယ်။
နမ့်ခမ်းမြို့နယ်တဝိုက်ဟာ TNLA အပြင် KIA ကချင်၊ SSPP မြောက်ပိုင်း ရှမ်းတပ်ဖွဲ့နဲ့RCSS တောင်ပိုင်း ရှမ်းတပ်ဖွဲ့ စတဲ့ လက်နက်ကိုင်တွေလည်း လှုပ်ရှားနေတဲ့ နယ်မြေဖြစ်ပါတယ်။
=========
[[Unicode]]
=========