Tiananmen မိခင်များအဖွဲ့ တရုတ်သမ္မတဆီ စာပို့

Tiananmen အရေးအခင်း နှစ်ပတ်လည်

တရုတ်နိုင်ငံရဲ့ Tiananmen အရေးအခင်းမှာ ကျဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေက သူတို့ခံစားခဲ့ရတာတွေကို အသိမှတ်ပြုပေးဖို့နဲ့ ဇွန် ၄ ရက် အရေးအခင်းရဲ့ အရေးပါမှုကို ပြန်တိုင်းတာပေးဖို့ ၂၉ နှစ်မြောက် နှစ်ပတ်လည်နေ့နီးလာချိန်မှာ သမ္မတ Xi Jinping ကို တိုက်တွန်းခဲ့ကြ ပါတယ်။ တရုတ်နိုင်ငံမှာ ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့က ဒီမိုကရေစီရေး ထုတ်ဖေါ်ဆန္ဒပြသူတွေTiananmen ရင်ပြင်မှာ အဖြိုခွင်းခံခဲ့ရတာ ဖြစ်ပါတယ်။

လူပေါင်း တထောင်ကျော်သေဆုံးမယ်လို့ ခန့်မှန်းကြတဲ့ ဒီအရေးအခင်းနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံမှာ ပွင့်ပွင့်လင်းလင်း မပြောရဲကြပါဘူး။ ဘေဂျင်းက Tiananmen ရင်ပြင်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ သီတင်းပတ် ၇ ပတ်ကြာ ငြိမ်းချမ်းစွာ ထိုင်သပိတ်မှောက် ကြတဲ့ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြမှုကို ဇွန်လ ၄ ရက်နေ့မှာ ကွန်မြူနစ်ပါတီအာဏာပိုင်တွေက သံချပ်ကာကားတွေနဲ့ ဖြိုခွဲခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၉ နှစ်အတွင်း တက်လာတဲ့ ဘယ်အစိုးရကမှ ဒီကိစ္စအတွက် တောင်းပန်စကား မပြောခဲ့ကြောင်း Tiananmen မိခင်များ ခေါ် အဲဒီအရေးအခင်းမှာ သေဆုံးခဲ့ရသူတွေရဲ့ မိဘတွေက ဇွန်လ ၄ ရက်နေ့မတိုင်ခင် တရက်အလို ဇွန်လ ၃ ရက်နေ့ နေ့စွဲနဲ့ သမ္မတ Xi ထံစာပေးပို့ ခဲ့တာဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန ကလည်း တရုတ်နိုင်ငံ Tiananmen ရင်ပြင်မှာ ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့ အကြမ်းဖက်ဖြိုခွင်းခံရမှု အတွက် အမှတ်ရနေကြောင်းနဲ့ တရုတ်အစိုးရအနေနဲ့ နိုင်ငံတကာကျင့်သုံးရမယ့် ကျင့်ဝတ်အတိုင်း နိုင်ငံသားအားလုံးရဲ့ အခြေခံရပိုင်ခွင့်တွေကို လေးစားဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းကြောင်း ဇွန်လ ၃ ရက် နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

Your browser doesn’t support HTML5

Tiananmen မိခင်များအဖွဲ့ တရုတ်သမ္မတဆီ စာပို့