တရုတ်နိုင်ငံ တီယန်နန်မင် (Tiananmen) ရင်ပြင်မှာ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေကို အစိုးရက သွေးထွက်သံယို နှိမ်နင်းခဲ့တဲ့ အဖြစ်အပျက် ၂၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဟောင်ကောင်ကျွန်းမှာ စနေနေ့က အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။
ဗစ်တိုးရီးယားပန်းခြံမှာ စနေနေ့ညက သောင်းနဲ့ချီတဲ့ လူတွေက ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲ လုပ်ခဲ့တာမှာ အဲဒီဝန်းကျင် တဝိုက်မှာ ဖယောင်းတိုင်မီး အလင်းရောင်တွေ လင်းထိန်နေခဲ့ပါတယ်။
တရုတ်ပြည်မကြီးမှာတော့ တီယန်နန်မင် အရေးအခင်းအကြောင်း တစုံတရာ ဖော်ပြတာ မရှိခဲ့ပါဘူး။ တင်းကျပ်တဲ့ လုံခြုံရေးရဲ့ အောက်မှာ တီယန်နန်မင် ရင်ပြင်ဟာ ကမ္ဘာလှည့် ခရီးသည်တွေနဲ့ ပုံမှန် စည်ကားနေခဲ့ပါတယ်။
ထိုင်ဝမ်ကျွန်းမှာတော့ သမ္မတ မရင်ဂျို့ (Ma Ying-jeou) က တရုတ်အစိုးရ အနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
အမေရိကန် ပြည်ထောင်စုကလည်း ဖမ်းဆီးခံထားရတဲ့ အစိုးရ ဆန့်ကျင်သူတွေကို ပြန်လွှတ်ပေးဖို့၊ တီယန်နန်မင်ရင်ပြင် လှုပ်ရှားမှုကို နှိမ်နင်းခဲ့စဉ်မှာ သေဆုံးခဲ့သူတွေ၊ ပျောက်ဆုံးသွားသူတွေ၊ အဖမ်းခံခဲ့ရသူတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန် ရှင်းလင်းပေးဖို့ တရုတ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူကတော့ ဒီကိစ္စကို ပြည်ဖုံးကား ချခဲ့ပြီလို့ စနေနေ့တုန်းက ပြောကြားခဲ့ပါတယ်။
၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့တုန်းက ဘေဂျင်းမြို့တော်မှာရှိတဲ့ တီယန်နန်မင် ရင်ပြင်မှာ ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြခဲ့ကြသူတွေကို တင့်ကားတွေ၊ စစ်သားတွေက ပစ်ခတ် နှိမ်နင်းခဲ့တဲ့အတွက် ထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။