ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ထဲက အလယ်ချောင်းနဲ့ချောင်းကြီးကျေးရွာတွေအနီးကို ဗဟိုပြုပြီး ဒီကနေ့ညနေပိုင်းမှာ ငလျင် ၄ကြိမ်လှုပ်ခတ်သွားခဲ့ပါတယ်။ ၂ကြိမ်ကတော့ အင်အားပြင်းထန်ခဲ့ပြီး ငလျင်အရှိန်ကြောင့် မအူပင်မြို့မှာ ၃ ဦး သေဆုံးခဲ့တာမှာ ၂ ဦးဟာ မြို့လယ်မှာရှိတဲ့ ရွှေဘုန်းမြင့် ဘုရားကြီးဝင်းအတွင်းမှာရှိတဲ့ မိုးကုတ်ဝိပဿနာတရားစခန်းက သီလရှင်နှစ်ဦး ဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။
"ငလျင်က ပထမပိုင်းကတော့သိပ်မသိသာဘူး။ ညနေစောင်းငလျင်ကတော့တော်တော်ပြင်းထန်တယ်။ ရွှေဘုန်းမြင့် မိုးကုတ်တရားစခန်းက အုတ်နံရံပြိုကျပြီး အဲကဆရာလေး ၂ပါးပျံလွန်တော်မူသွားတယ်။ အဲဒါဘဲရှိတယ်။ အမြဲတမ်းဝတ်တွေပါ။ ရွှေဘုန်းမြင့်လဲ မြေခသွားတယ်။ ပထမတကြိမ်က ထီးတော် အောက်ကိုစိုက်သွားတယ်။ ဒုတိယတကြိမ်ကျ စိန်ဖူးတော် မြေခသွားတယ်။ နောက် ၁၀၈တောင်ဘုရာ းစိန်ဖူးတော်လည်းမြေခသွားတယ်။ တချို့လည်းတက္ကသိုလ်ဆိုရင် အုတ်နံရံအက်တယ်။ ပေါ်တော်မူဘုရားနားကတိုက်ဆို အုတ်နံရံပြိုကျသွားတယ်။"
ကျန်သေဆုံးသူကတော့ အရပ်သား အမျိုးသမီးတဦးဖြစ်တယ်လို့ ဆိုပါတယ်။ အပျက်အစီး အသေးစိတ်ကိုတော့ အတိအကျမသိရသေးပါဘူး။ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကူညီကယ်ဆယ်ရေး ပရဟိတသမားတွေက ကူညီကယ်ဆယ်တာတွေလုပ်နေတယ်လို့ ပြောပါတယ်။
ပြင်းအား ၄.၈ မဂ္ဂနီကျူ့ရှိတဲ့ ဒီငလျင်ဟာ ကမ္ဘာအေးမြေငလျင်စခန်းကနေ အနောက်-အနောက်မြောက်ဘက် ၃၃ မိုင်အကွာ မြေအောက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်သွားခဲ့တာဖြစ်ကြောင်း မိုးလေဝသနဲ့ဇလဗေဒဌာနက သတင်းထုတ်ပြန်ပါတယ်။ ငလျင်ရဲ့ အရှိန်ဟာ ရန်ကုန်မြို့၊ အင်းစိန်၊ လှိုင်သာယာနဲ့ စမ်းချောင်းမြို့နယ်တွေမှာပါ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရတယ်လို့ သိရပါတယ်။
Your browser doesn’t support HTML5