ရုရှားနဲ့ နယ်စပ်ဒေသဖြစ်တဲ့ ယူကရိန်းပိုင် Kharkiv ဒေသအတွင်းမှာရှိတဲ့ အရေးပါတဲ့မြို့ကို ရုရှားတို့က နယ်စပ်ဖြတ်ကျော်ပြီး တိုက်ခိုက်မှုတွေ အရှိန်မြင့် ပြုလုပ်နေတဲ့အတွက် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးကင်းရာ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ဒီကနေ့ ပြောပါတယ်။
လူပေါင်း ၄,၁၀၀ နီးပါးကို ဘေးကင်းရာကို ရွေ့ပြောင်းပေးခဲ့ရကြောင်း Kharkiv ဒေသ အုပ်ချုပ်ရေးမှူး Oleg Synegubov က လူမှုကွန်ယက်မှာ ရေးပါတယ်။ ဒါဟာ ဒေသအတွင်းမှာရှိတဲ့ ကျေးရွာ ၅ ရွာကို ရုရှားတို့က သိမ်းပိုက်လိုက်ကြောင်း ကြေညာအပြီး နောက်နေ့မှာဘဲ အခုလို ပြောကြားလိုက်တာပါ။
နယ်စပ်မြို့ Voychansk ကနေ ထွက်ပြေးလာကြတဲ့ ဒေသခံ လူအုပ်တစုကို ဒီကနေ့ တွေ့ရှိခဲ့ကြောင်း၊ အဲဒီထဲက အများစုဟာ သက်ကြီး ရွယ်အိုတွေဖြစ်ကြောင်း AFP သတင်းဌာနက ရေးပါတယ်။
ရုရှားတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မေလ ၁၀ ရက်၊ သောကြာနေ့မှာ ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း နယ်စပ်ဒေသကို ထိုးစစ်ဆင် တိုက်ခိုက်တာမှာ လွန်ခဲ့တဲ့ ၂ နှစ်နီးပါးက သူတို့ မောင်းထုတ်ခံလိုက်ရတဲ့ နေရာတွေ ရှိရာကို ရုရှားတပ်ဖွဲ့တွေ အနည်းငယ် ပြန်လည်ရရှိသွားတယ်လို့ ဆိုပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုတွေလည်း ရှိနေပြီး၊ Glyboke ကျေးရွာသား အသက် ၆၃ နှစ်အရွယ် အမျိုးသားတဦး ရုရှားတို့ရဲ့ အမြောက်ကျည် ထိမှန်ပြီး သေဆုံးသွားတယ်လို့ Synegubov က ပြောပါတယ်။