သမ္မတဦးသိန်းစိန် ကျန်းမာရေးနဲ့ ပညာရေး ပြုပြင်ရေး ကြိုးပမ်းမည်

သမ္မတဦးသိန်းစိန်က ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဆင်းရဲချမ်းသာ အားလုံး လက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အကောင်အထည်ဖော်ဖို့ စီစဉ်နေသလို မြန်မာနိုင်ငံက ထူးချွန်တဲ့ ကျောင်းသားတွေကို သမ္မတရဲ့ ပညာသင်ဆုနဲ့ နိုင်ငံတကာတက္ကသိုလ်တွေမှာ တက်လှမ်းပညာသင်နိုင်ဖို့လည်း စီစဉ်နေတယ်လို့ လစဉ်ပြောနေကျ မိန့်ခွန်းမှာ ဦးသိန်းစိန်က ပြောခဲ့တာ ဖြစ်ပါတယ်။ သမ္မတရဲ့ ပညာရေး ကျန်းမာရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး မျှော်မှန်းချက်တွေအပေါ် လက်တွေ့နယ်ပယ်တွေက သက်ဆိုင်သူတွေက ဘယ်လို သဘောထားရှိနေလဲ ဆိုတာကို ဗီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင် စုံစမ်းမေးမြန်းသတင်းပေးပို့ထားပါတယ်။

နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေ ပြန်လည်ရရှိလာတာနဲ့အမျှ သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ ကာလအတော်ကြာ ချွတ်ခြုံကျနေတဲ့ ကျန်မာရေးစနစ်ကို ပြုပြင်ဖို့ ဆောင်ရွက်တော့မယ်လို့ ဒီကနေ့ ဖေဖော်ဝါရီလ အတွက် ပြောခဲ့တဲ့ သူ့မိန့်ခွန်းအတွင်းမှာ ပြောလာခဲ့တာပါ။ ဆင်းရဲ ချမ်းသာမရွေး နိုင်ငံသားတိုင်း လက်လှမ်းမီနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ရပ်ကို ဆောင်ရွက်ဖို့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိတဲ့အကြောင်း သမ္မတဦးသိန်းစိန်က ပြောပါတယ်။

“အမျိုးသားကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းစဉ်ကို အခြေခံကစပြီး ပြုပြင်ပြောင်းလဲနိုင်ဖို့ ဆင်းရဲ ချမ်းသာမရွေး၊ နိုင်ငံသားတိုင်း လက်လှမ်းမီနိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတစ်ရပ်ကို ပညာရှင်များနဲ့ ညှိနှိုင်းဆွေးနွေးပြီး စနစ်တကျ ဆောင်ရွက်လျှက်ရှိပါတယ်။ ဒီစီမံချက်ကို ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ကမ္ဘာ့ဘဏ်အဖွဲ့အစည်းရဲ့ အုပ်စုတစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) တို့ ပူးပေါင်းဆောင်ရွက်ပြီး ရေတို၊ ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

“Universal Health Coverage လို့ခေါ်တဲ့ ဆင်းရဲ ချမ်းသာမရွေး နိုင်ငံသားတိုင်း လက်လှမ်းမီနိုင်တဲ့ ကျန်းမာရေးစနစ်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ဖို့အတွက် အဓိကအကျဆုံးဖြစ်တဲ့ ကိစ္စကတော့ လက်ရှိ ကျနော်တို့ နိုင်ငံမှာ ဖြစ်ထွန်းနေတဲ့ နိုင်ငံရေးအပြောင်းအလဲများကဲ့သို့ပင် မိမိတို့ရဲ့ ကိုယ်ပိုင်စနစ်တရပ်ဖြစ်ရန် မှန်ကန်တဲ့ရွေးချယ်မှုများနဲ့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။”

နိုင်ငံတစ်ခုမှာ ကျန်းမာရေး စနစ်တစ်ရပ်ကောင်းမွန်ဖို့ အရေးကြီးတာကြောင့် အစိုးရအနေနဲ့ အရင်က လျစ်လျူရှုခဲ့တဲ့ ကျန်းမာရေးစနစ်ကို ပီပီပြင်ပြင် ကြိုးစား အကောင်အထည်ဖော်ဖို့ လိုမယ်လို့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဆရာဝန်လည်း ဖြစ်၊ NLD ကျန်းမာရေး ကွန်ယက်ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာ တင်မျိုးဝင်း က အခုလို ပြောပါတယ်။

“ပြည်သူတွေ တကယ်ထိရောက်အောင် ကျန်းမာရေးစောင့်ရှောက်မှု ရဖို့ အတွက်ကတော့ သူ့ရဲ့ စနစ်ပေါ့။ မူဝါဒနဲ့ System နဲ့ Principal ပေါ့။ မူဝါဒနဲ့စနစ် - အဲဒါ ရှိရမယ်။ပေါ်လစီလည်း ရှိရမှာပေါ့နော်။ ပေါ်လစီနဲ့ system အတွက်ကြောင့် လုပ်နေတာပေါ့။ အဓိက-ကတော့ ကျနော်တို့ အစဉ်အဆက်က ကျန်းမာရေး Health Care ပေါ့။ အထူးသဖြင့် Primary health Care မှာ အားနည်းချက်တွေ အများကြီးတွေ့တယ်လေ။”

ကျန်းမာရေး စနစ်လိုပဲ ပြုပြင်ဖို့လိုအပ်နေတဲ့ ပညာရေစနစ်ကိုလည်း အပြောင်းအလဲတွေလုပ်ဖို့ ရှိပြီးတော့ မြန်မာပညာရေး စနစ်သစ်တစ်ရပ် ပေါ်ထွန်းရေးကိုလည်း ပညာရှင်တွေနဲ့ တိုင်ပင် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ထူးခွန်လူငယ်တွေကို သမ္မတရဲ့ ပညာသင်ဆုနဲ့ နိုင်ငံခြားတက္ကသိုယ်တွေမှာ ပညာသင်ယူခွင့်တွေရအောင် စီစဉ်ပေးမှာဖြစ်တယ်လို့ လည်း သမ္မတက ပြောပါတယ်။

“အမျိုးသားအဆင့် ပညာရေးပြုပြင်ပြောင်းလဲမှုဟာ ကျနော်တို့နိုင်ငံရဲ့ အနာဂတ် မျိုးဆက်သစ်တွေ အတွက် အလွန် အရေးကြီးပါတယ်။ အရပ်ဖက် လူ့အဖွဲ့အစည်း မျိုးစုံနဲ့ ပညာရေးအခြေပြု အဖွဲ့အစည်း များ၊ ပညာရှင်များဟာလည်း မြန်မာနိုင်ငံအမျိုးသား ပညာရေးနဲ့ပတ်သက်ပြီး ကျယ်ပြန့်စွာ ဆွေးနွေး လုပ်ဆောင်နေတာတွေကိုလည်း တွေ့မြင်ရပါတယ်။ ယခုလို ပြင်ဆင်မှုတွေနဲ့ ကျယ်ပြန့်တဲ့ဆွေးနွေး ငြင်းခုန်မှုတွေကနေတဆင့် များမကြာမီကာလမှာ ရလဒ်ကောင်းတွေ ဖြစ်လာနိုင်မယ်လို့ မျှော်လင့် ပါတယ်။ ကျနော်တို့အနေနဲ့ လက်တွေ့ကျပြီး အနာဂတ် မျိုးဆက်သစ် လူငယ်များအတွက် ရေရှည် အကျိုးရှိစေမယ့် ပညာရေးအခွင့်အလမ်းများ ပိုမိုရရှိလာပြီး တိုင်းပြည် တည်ဆောက်ရေးအတွက် လိုအပ်တဲ့ဘာသာရပ်တွေကို နိုင်ငံတကာ တက္ကသိုလ်များမှာ ထူးချွန်တဲ့ မြန်မာနိုင်ငံသား လူငယ်များ လေ့လာသင်ယူနိုင်ဖို့ အတွက် နိုင်ငံတော်သမ္မတ ပညာသင်ဆု အစီအစဉ်ကို ဖွဲ့စည်းထူထောင်သွားဖို့ စီမံထားပြီး ဖြစ်ပါတယ်။”

လက်တွေ့မှာတော့ ပညာရေး ပြုပြင်ပြောင်းလဲဖို့ တိုင်ပင်ဆွေးနွေးမှုတွေ ရှိနေပေမဲ့ တက္ကသိုလ် ဆရာများအသင်းလို အဖွဲ့အစည်းတွေကို လျစ်လျူရှု ဆောင်ရွက်နေပြီးတော့ မြန်မာ့ပညာရေးကို အမှန်တကယ် အောက်ခြေကစပြီး စနစ်တကျပြောင်းလဲဖို့ လုပ်ဆောင်သင့်တယ်လို့လည်း မြန်မာနိုင်ငံ တက္ကသိုလ် ဆရာများအသင်း UTA ရဲ့ အတွင်းရေးမှူးလည်း ဖြစ်၊ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးပညာဌာနရဲ့ ကထိကလည်းဖြစ်တဲ့ ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ဟုတ်ကဲ့၊ သတင်းစာထဲမှာ ပြောတာကတော့ တနည်းအားဖြင့်တော့ သဘောထားရေးရာအရ မှန်တယ်ပေါ့နော်။ ဒါပေမယ့် လက်တွေ့ပိုင်းမှာကျ ပညာရေးအခြေပြု အဖွဲ့အစည်း ဘာ ညာ ဖိတ်ဆို ဖိတ်တယ်ပေါ့နော်။ ဒါပေမယ့် ကျနော်တို့ ဆရာများအသင်းကို ဖိတ်ကြားမှုမရှိပါဘူးဆိုတာကို သမ္မတကြီး သိပုံမပေါ်ဘူးထင်တယ်။ ကျနော်ထင်တာလေ။ ဒါလေးတွေကလည်း သိရမှာပေါ့။ အခုတော့ အရင်ထက်စာရင် အားလုံးဝိုင်းဝန်းပြီးတော့ ဆွေးနွေးလာတဲ့ သဘောတော့ ရှိတာပေါ့။ ဒါပေမယ့်လည်း ဒါ ထပ်ပြီးတော့ လုပ်ရအုံးမှာပေါ့နော်။ ဒီဟာလေးတော့ ပြောချင်တာပေါ့။”

မကြာသေးခင်က ကရင်ပြည်နယ် လောခီးလာဒေသမှာလုပ်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ညီလာခံမှာ တစ်ပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ချက် ချနိုင်တဲ့အထိ ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ အစည်းတွေရဲ့ ခေါင်းဆောင်တွေအားလုံးကိုလည်း သမ္မတက ချီးကျူးဂုဏ်ပြု စကားပြောခဲ့ပါတယ်။