[[Zawgyi/Unicode]]
လူနေထူထပ်တဲ့ မြို့ပေါ်တွေမှာ လုယက်တာ၊ အနုကြမ်းစီးတာနဲ့ ဖောက်ထွင်းခံရတာတွေဟာ နေ့ဘက်အချိန်တွေမှာပါ ခပ်စိပ်စိပ်ဖြစ်လာနေပါတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့မှာလည်း ဒီလိုကိစ္စတွေ မကြာခဏဆိုသလို ကြုံတွေ့နေရပြီး ကိုယ့်ရဲ့လုံခြုံရေးအတွက် ကိုယ်တိုင်သာတာဝန်ယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကို မအိသန့်စင်ကတင်ပြပေးထားပါတယ်။
လူအသွားအလာများတဲ့ ဘတ်စ်ကားမှတ်တိုင်တွေမှာ အုပ်စုဖွဲ့အနိုင်ကျင့်ပြီး ပစ္စည်းလုယူတာ၊ နေအိမ်မှာလူမရှိတုန်း ဖောက်ထွင်းခိုးယူတာနဲ့ အနုကြမ်းစီး ဓားပြတိုက် တာတွေက ရန်ကုန်လို လူဦးရေထူထပ်တဲ့ မြို့ပြမှာ နေ့စဉ်နီးပါး ကြုံတွေ့နေရပြီလို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းကလည်း လှိုင်သာယာမြို့နယ်မှာ နေအိမ်ထဲဝင်ပြီး အနုကြမ်းစီးတာဖြစ်ခဲ့သလို နေ့လည်နေ့ခင်းမှာတောင် ပစ္စည်းလုတာတွေလည်း ရှိခဲ့တယ်လို့ ကာယကံရှင်တဦးက သူကြုံတွေ့ခဲ့ရတဲ့အကြောင်းကို ပြောပါတယ်။
"လွန်ခဲ့တဲ့ ၅ ရက်လောက်ကဆိုရင် မုန့်တီဆိုင်ထဲကိုဝင်ပြီးတော့ အပေါ့သွားမယ်လို့ပြောပြီးတော့ ၄ - ၅ ယောက်ပေါ့နော်၊ အထဲလည်းရောက်ရော အနုကြမ်းစီးတဲ့ပုံစံမျိုး လုပ်သွားတာ။ အော်ရင် လူတွေကိုသတ်ပစ်မယ်၊ အဲလိုမျိုးလုပ်သွားတာ။ ပြီးတော့ ကျနော့်အလုပ်သမားဆိုရင် အကြွေးသွားတောင်းခိုင်းလိုက်တာ ပြန်လည်းလာရော လူ ၃ ယောက်က ဓားထောက်ပြီးတော့ လုသွားတာ ၃ သိန်းကျော်ပါသွားတယ်။ အဲဒီလို လုပြီးတော့ ပြေးတာတွေကို နေ့တိုင်းနီးပါး နေ့စဉ်နဲ့အမျှ ကြားနေရတယ်။ ပြီးခဲ့တဲ့ တလကဆိုရင်လည်း ကျနော့်ရဲ့မိတ်ဆွေတယောက် လက်ဖက်ရည်ဆိုင်ထိုင်နေရင်း သူငယ်ချင်းတယောက်က အကြွေးလာဆပ်သွားတယ်။ ပိုက်ဆံ ၃ သိန်းကို ထုတ်တုန်းပဲရှိသေးတယ်၊ လာပြီးတော့ လုသွားပြီးတော့ ပြေးတာ။ အဲဒီအချိန် လုတဲ့လူရဲ့လက်ကိုမိလို့ ကိုင်ပေါက်တဲ့အချိန်မှာ သေနတ်နဲ့ တင်ပါးကိုပစ်သွားတယ်။ သေနတ်ဆိုတာ ဂတ်စ်သေနတ်ပုံစံမျိုးပေါ့။ အနောက်ကလူတွေက မလိုက်ရဲတော့ဘူး။ ဆိုင်ကယ်ဆိုရင်လည်း ကျနော့်အဆောင်ကနေပြီးတော့ ပါသွားတာ ၃ စီးရှိပြီ။ ဖောက်ပြီးတော့ အခိုးခံရတာ။"
ဒေသအသီးအသီးကနေ အလုပ်လာလုပ်ကြတဲ့ စက်ရုံလုပ်သားတွေ၊ အဆောင်နေသူတွေနဲ့ အခြေခံလူတန်းစား အများဆုံးရှိနေတဲ့ လှိုင်သာယာမှာ ဒီရက်ပိုင်းထဲ ပစ္စည်းအလုခံရတာ ပိုများလာတယ်လို့ ပြောပါတယ်။ အဆောင်ထဲက ဆိုင်ကယ်ခိုးယူခံရတာတွေလည်း ကြုံနေရပြီး နေရတာလုံခြုံမှု မရှိတော့တဲ့ အခုလိုကာလမှာ သတိထားပြီး ကိုယ်တိုင်သာကာကွယ်နေရတယ်လို့ ပြောပါတယ်။
"လင်းလင်းထင်းထင်းအချိန် လူရှိနေတဲ့အချိန်တွေပဲ ဖြစ်နေတာ။ လူရှင်းတဲ့နေရာ ညဘက်မှောင်လို့ သန်းခေါင်ကျော်လို့ ဖြစ်တဲ့ပုံစံမျိုးတွေ မဟုတ်ဘူး။ သူငယ်ချင်းတယောက်ဖြစ်တာဆို လက်ဖက်ရည်ဆိုင်မှာဆိုရင် လူစည်ကားနေတယ်။ မနက် ၉ နာရီထိုးပဲရှိသေးတယ် ဖြစ်သွားတာ။ ညနေပိုင်း ၅ နာရီလောက်ပဲ ရှိသေးတယ်။ လုပြေးသွားပြီ။ ပြီးရင် သူကစိန်ခေါ်သွားသေးတယ်၊ လိုက်ရဲတဲ့ကောင် လိုက်ခဲ့ပေါ့၊ အဲလိုပုံစံမျိုးတွေပေါ့။ ကျနော်တို့တောင်မှ ခါတိုင်းဆိုရင် အမြဲလိုလိုခရီးသွားဖြစ်တယ်။ အခု နောက်ပိုင်းဆိုသိပ်ပြီးတော့ မသွားတော့ဘူး။ အိမ်မှာ လူပြတ်မှာစိုးလို့၊ အဖွားအိုကြီးနဲ့ ကလေးငယ်တွေပဲ ကျန်မှာစိုးလို့ ခရီးကိုမသွားတော့ဘူး။ နောက်ကြောင်းစိတ်မချရဘူးပေါ့။ ရဲကိုလှမ်းအကြောင်းကြားတော့လည်း သူတို့ အသက်ကိုတောင် သူတို့လုံခြုံအောင် မနည်းနေနေရတာ ဘယ်သူကိုမှလည်း သူတို့မစောင့်ရှောက်ပေးနိုင်ဘူး။ ကျနော်တို့ကလည်း အခု ကိုယ်နဲ့ရင်းနှီးတဲ့ ညီအစ်ကို မောင်နှမ၊ သူငယ် ချင်းအရင်းအခြာတွေပဲ စုပြီးတော့ တယောက်နဲ့တယောက် ညဘက်ကျရင် ဖုန်းဖွင့်ထား၊ အရေးအကြောင်းရှိရင် လှမ်းခေါ်ဆိုတဲ့ပုံစံနဲ့ ကိုယ့်ဘာကိုယ်ပဲ ကာကွယ်နေရတဲ့သဘော။"
ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းက နေအိမ်တအိမ်မှာလည်း ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့တုန်းက အနုကြမ်းစီး လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။ ကျန်းမာရေးမကောင်းတဲ့ အဖွားအိုနဲ့ အိမ်အကူဖြစ်သူ ၂ ယောက်တည်းရှိနေချိန်မှာ လူတွေကို ကြိုးနဲ့တုပ်၊ ဓားထောက်ပြီး နေအိမ်တွင်းက ရွှေထည်ပစ္စည်းနဲ့ ငွေသားတို့ကို ယူသွားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။ ကြည့်မြင်တိုင်ရဲစခန်းမှာ အမှုဖွင့်ခဲ့ပြီးတော့ ကျူးလွန်သူ ၇ ဦးကို ဖော်ထုတ်ဖမ်းစီးထားပြီး အရေးယူဆောင်ရွက်နေတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
နေအိမ်မှာ လူမရှိချိန် ပစ္စည်းခိုးယူခံရတာတွေကို ကာယကံရှင်တချို့က သူတို့ရဲ့ လူမှုကွန်ယက်ပေါ်ကနေ အသိပေးတာတွေရှိလာပေမယ့် အများစုက ရဲကိုအကြောင်းကြားပြီး အမှုဖွင့်တိုင်ကြားတာမျိုး မရှိသလောက် နည်းလာပါတယ်။ ဒါဟာ အခုလို နိုင်ငံရေးအခြေအနေကြောင့် ကိုယ်တိုင်သာ ဖြေရှင်းနေကြရတာလို့ တချို့ကာယကံရှင်တွေက ပြောပါတယ်။ မန္တလေးမြို့မှာလည်း အရင်ကလို လမ်းတွေပေါ် လူသွားလူလာ သိပ်မရှိတော့ပေမယ့် အကြောင်းကိစ္စရှိလို့ သွားလာရတဲ့အခါမျိုးမှာ ကိုယ့်ရဲ့အန္တရာယ်ကို ကြည့်ရှောင်နေရတယ်လို့ ပြောပါတယ်။
"ဖြစ်တဲ့ပုံစံတွေက တချို့သတင်းတွေကျတော့ မဟုတ်ဘူး။ တကယ်ဟုတ်တဲ့ဟာတွေလည်း ရှိတယ်။ ပိုပြီးတော့ အကြောက်တရားဖြစ်အောင် လုပ်နေတဲ့ဟာတွေလည်း ရှိတယ်။ ဒါပေမယ့် သေချာတာတခုကတော့ ကျနော်တို့ အရင်ကထက်စာရင်တော့ မလုံခြုံတာတော့ ခံစားရတယ်ဗျာ။ ကျနော်တို့ သွားလာတဲ့နေရာမှာ အမြဲတမ်းသတိထားရတယ်။ စိတ်လွတ်ကိုယ်လွတ် မသွားရဲဘူး။ ပါသွားပြီဆိုရင်တော့ သေချာပေါက်ဆုံးပြီလို့သာ ကိုယ့်ဟာကိုယ်ပဲ ဖြေလျှော့ကြရမယ့် အနေအထားပေါ့နော်။ နယ်တွေဘက်ကတော့ လူစိမ်းဝင်လာရင် နည်းနည်းသတိထားပေါ့။ ဒါပေမယ့် မြို့ပေါ်ကျ သွားလာတဲ့အခါမှာ လူစိမ်းလား၊ လူကျက်လား ဘယ်သူမှမသိကြဘူးလေ။ တချို့နေရာကျတော့ ရပ်ကွက်လေးနဲ့ပဲ ကိုယ့်ဟာကိုယ်ထိန်းကြရတာရှိတယ်။ ပြောချင်တာက ကျနော်တို့ပြည်သူတွေရဲ့ ဘဝက ကိုယ့်တာဝန် ကိုယ်ယူပြီးတော့ မဖြစ်အောင် ကိုယ့်ဟာကိုယ်နေ၊ ကိုယ့်ဟာကိုယ် ကြီးကြပ်သွားလာလှုပ်ရှား နေရတဲ့သဘောမျိုး ရှိတာပေါ့နော်။ ဖြစ်သွားရင် တကယ်တမ်းပြောရရင် ကျနော်တို့ အားကိုးရာမဲ့ပါတယ်။"
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးရသူတွေ များလာသလို မြို့ပေါ်တွေမှာလည်း ခိုးဆိုးလုနှိုက်တွေ ပိုများလာနေလို့ ဘယ်နေရာမှာမဆို လုံခြုံမှုအားနည်းလာပြီလို့ ပြည်သူတွေက ငြီးတွားနေကြပါတယ်။
Your browser doesn’t support HTML5
==================
[[Unicode]]
==================