တိမ်ကောလာတဲ့ မြန်မာ့ထန်းလျက်လုပ်ငန်း

ကျောက်ဆည်မြို့နယ်ထဲက ထန်းတောတချို့ကိုတွေ့ရစဉ် (အောက်တိုဘာ ၂၅၊ ၂၀၁၅)

နိုင်ငံရေးပြဿနာတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြား စိုက်ပျိုးရေးလုပ်ငန်းတွေ ကျဆင်းလာနေတဲ့ မြန်မာနိုင်ငံ အညာဒေသမှာ ထန်းလျက် လုပ်ငန်းဟာလည်း တိမ်ကောလာနေပါတယ်။ အညာဒေသထွက် ထန်းလျက်လုပ်ငန်း တိမ်ကောမယ့် အခြေအနေနဲ့ ပတ်သက်လို့ တောင်သူတွေ၊ လယ်ယာမြေအရေး ကျွမ်းကျင်သူတွေနဲ့ ဆက်သွယ်မေးမြန်းပြီး ဒီသတင်းပတ် မြေကြီးသြဇာ အစီအစဉ်မှာ ကိုခင်မောင်စိုးမင်းက စုစည်း တင်ဆက်ထားပါတယ်။

မြေလတ် အညာဒေသက မြို့နယ်တချို့မှာ မိရိုးဖလာ ရိုးရာအရ ပဲ ၊နှမ်း သီးနှံ စိုက်ပျိုးရေးက အဓိက တောင်သူလုပ်ငန်းဖြစ်ပြီး အဲဒီနောက်က ဒုတိယစီးပွားရေးအနေနဲ့က ထန်းတောင်သူလုပ်ငန်း ဖြစ်ပါတယ်။ ထန်လျက်ချက်တဲ့ လုပ်ငန်းကို အကြီးအကျယ်လုပ်တဲ့ မြေလတ်ဒေသ က မြို့နယ်တွေကတော့ မကွေး ၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ နတ်မောက်၊ ပုဂံညောင်ဦးနဲ့ အညာမြို့နယ်တချို့တို့ ဖြစ်ကြပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေ ဆုတ်ယုတ်လာတဲ့အတွက် အဓိကသီးနှံတွေကို စိုက်ပျိုးကြတဲ့ ပင်မတောင်သူတွေ လယ်ယာလုပ်ငန်းတွေကို လျှော့လုပ်တာ၊ စွန့်လွတ်တာတွေ ရှိလာကြသလို ထန်းတောင်သူတွေဟာလည်း ထန်းလျှက်ထုတ်လုပ်တဲ့ လုပ်ငန်းကို စွန့်ခွာလာကြရကနေ အခုအခါမှာတော့ တိမ်မြုတ်ပပျောက်တော့မဲ့ အခြေအနေကို မြင်တွေ့နေကြရပါတယ်။ ဒါနဲ့ပတ်သက်ပြီး အရင်က မကွေးမြို့နယ်က ထန်းလျက် လုပ်ငန်းလုပ်တဲ့ ထန်းတောင်သူတဦးလည်းဖြစ်၊ ကျေးလက်အုပ်ချုပ်ရေးမှူးဟောင်းတဦးလည်းဖြစ်တဲ့ ဦးတင်စိုးက အခုလိုပြောပါတယ်။

" အညာဒေသတွေမှာ ထန်းတောင်သူ တွေပေါ့။ အခုအချိန်မှာက သိပ်ပြီးတော့ မလုပ်နိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ သူရဲ့ အရင်းအနှီးတွေ တအားဈေးကြီးလာတယ်။ ဥပမာ မြူအိုး ၊ ကြိုး ၊ရင်းထောင် ရင်းဆွဲ က အစ ၊ နောက်တခု က ထင်း အဲဒါတွေက အစ အကုန်လုံးက ဈေးနှုန်းတွေကြီးလာတဲ့အခါကြတော့ ထန်းတက်မဲ့သူတွေက သိပ်ပြီးတော့ အရင်းအနှီး မစိုက်ထုတ်နိုင်ကြတော့ဘူး။ အခုအချိန်မှာတော့ ထန်းလျှက်ဈေးက မဆိုးဘူးပေါ့နော်။ မဆိုးပေမဲ့ ထန်းပင်တွေက မြင့်လာတာက တကြောင်း ၊ ထန်းပင်တက်တဲ့ ဦးရေကလည်း အင်မတန်ကို နည်းလာပြီ။ ဒီအတွက် လုပ်အားစိုက်ထုတ်မှုတွေကို လူလုပ်အားတွေလည်း မသွင်းနိုင်တော့ဘူး။ ကုန်ကျစာရိတ်တွေလည်း မစိုက်ထုတ်နိုင်တဲ့အခါကြတော့ တပိုင်တနိုင်ပဲ တတ်နိုင်ကြတော့တယ်။ များများစားစား မလုပ်နိုင်တော့ဘူး။ ထန်းလျှက်ဈေးကွက်ကလည်း ဟိုတုန်းကလို ကြီးကြီးမားမားမရှိတော့ဘူး။ ထန်းတက်တဲ့ အနေအထားပေါ မူတည်ပြီးတော့ ထန်းလျှက် ဖောက်သည်လုပ်တဲ့သူတွေလည်း ရှားပါးလာတာပေါ့။ ဦးမော့လာနိုင်တဲ့ အနေအထားမရှိပါဘူး။ ထန်းကို အဆက်ပြတ်သွားတဲ့အခါကြတော့ နောက်လူတွေက ထန်းပင်တက်ရဲတဲ့သူ ၊ ထန်းတက်တတ်သူကို ရှားလာပြီ။ ထန်းတက်တတ်တဲ့ ဦးရေကို နည်းလာပြီ။ ရလာတာနဲ့ ဈေးနှုန်းနဲ့ မကာမိတော့ ထန်းကို စိတ်ဝင်စားမှုနည်းလာကြတယ်။ နဂိုတက်တတ်တဲ့သူတွေကလည်း အသက်ကြီးလာတော့ ထန်းပင်ကို မတက်နိုင်တော့ဘူး။ သူတို့ရဲ့ မျိုးဆက်ကြတော့လည်း ထန်းဖက်ကို အာရုံစိုက်မှုနည်းလာကြတယ်"

မကွေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်က ထန်းလျက်ချက်နေသူတဦး

ထန်းတောင်သူ လုပ်ငန်း တိမ်ကောလာတဲ့အထဲမှာ လုပ်သားရှားပါးမှုဟာလည်း အချက်တခုဖြစ်ပါတယ်။ မိရိုဖလာ မိသားစု လုပ်ငန်းဖြစ်တဲ့အတွက် ထန်းတက်သမား၊ မြူအိုးကောက်၊ ထန်းလျက် (ထညက်) ချက် စတာတွေကို ထောင့်စေ့အောင်လုပ်နိုင်ဖို့က လူ၃ ဦးနေ့စဉ် မနားရပဲ အားလပ်ရက်မရှိ ပင်ပင်ပန်းပန်းလုပ်ကြရပါတယ်။ ဒါကြောင့် ထန်းတောင်သူလုပ်ငန်းထက် တခြားဒေသတွေကို သွားရောက်လုပ်ကိုင်ကြတာဟာ ပိုမိုပြီး ဝင်ငွေကောင်းတဲ့အတွက်ကြောင့် ထန်းတောင်သူလုပ်ငန်းကို လုပ်ကိုင်ကြသူတွေ နည်းပါလာရာကနေ ပပျောက်တော့မယ့် အခြအနေကို ကြုံတွေ့နေကြရပါတယ်။ တကယ်တော့ မြန်မာရိုးရာ မုန့်အားလုံးနီးပါးဟာ ကောက်ညှင်း နဲ့ ထန်းလျက် မပါရင် မဖြစ်ပါဘူး။ ထန်းလျက် (ထညက်) ဟာလည်း မိရိုးဖလာနည်းအတိုင်းပဲ ချက်လုပ်တဲ့အတွက် ကျန်းမာရေးအရလည်း ကောင်းပါတယ် ။ ဒါပေမယ့် မြန်မာရိုးရာမုန့် တွေကို အခုအခါမှာ ထန်းလျှက်အစား ဒီထက်ဈေးပိုချိုတဲ့ သကြား ၊ ကြံသကာ စတာတွေကို အစားထိုး အသုံးပြုနေကြပါတယ်။

ဒါ့အပြင် ထန်းတောင်သူလုပ်ငန်း တိမ်ကောလာတဲ့အတွက် တပိုင်တနိုင်လုပ်ကြရာက ထွက်ရှိကြတဲ့ ထန်းလျက် (ထညက်) တွေမှာတောင်မှ ပိုပြီးပွားလာအောင်လို့ သကြားရောတာ၊ ကြံသကာ ရောတာတွေများနေတဲ့အတွက် ထန်လျက်စစ်စစ်တောင် ရှားလာနေကြပါတယ်။ အဲဒီလို ထန်းတောင်သူလုပ်ငန်းတွေ တိမ်ကောလာတဲ့လာတာနဲ့အတူ မြေလတ် အညာဒေသရဲ့ ပြရုပ် သင်္ကေတဖြစ်တဲ့ ထန်းပင်တွေရဲ့အခြေအနေကလည်း မသေချာ ၊ မရေရာတဲ့ အနေအထားကို ဆိုက်ရောက်သွားပါတော့တယ်။ အဆုံးမှာတော့ ထန်းတောင်သူတွေဟာ ထန်းပင်တွေကို ခုတ်လှဲရောင်းချတာတွေ တနေ့တခြား များပြားလာပါတော့တယ်။ မြန်မာနိုင်ငံမှာ သစ်တောပြုံးတီးပြီး သစ်မာတွေ ရှားပါကုန်တဲ့အတွက် အိမ်ဆောက်တာနဲ့ လက်မှုပစ္စည်း ၊ ပရိဘောဂတွေ ပြုလုပ်ဖို့အတွက် ထန်းပင်တွေကို အသုံးပြုလာကြပါတယ်။ ထန်းတောင်သူတွေကလည်း အလွယ်တကူ ငွေရရှိနိုင်ဖို့အတွက် သူတို့ရဲ့ ထန်းပင်တွေကို အပင်အလိုက် ခုတ်လှဲရောင်းချကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြေလတ်ဒေသ မကွေးမြို့မှာ အခြေစိုက်ပြီး တောင်သူလယ်သမားအရေး ၊ ဒေသဖွံဖြိုးရေး လုပ်ကိုင်ခဲ့ရာကနေ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်ဒေသကို ပြောင်းရွှေ့သွားတဲ့ ကျေးလက်မြေ ပရဟိတအဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဇော်မင်းထိုက်က အခုလိုပြောပါတယ်။

"ကျနော်တို့ ပတ်ဝန်းကျင်မှာကိုပဲ ထန်းပင်ထွက်တဲ့နေရာ အတော်များများမှာကိုပဲ ထန်းပင်တွေကို ခုတ်လှဲပြီးတော့ ရောင်းတာကိုလည်း တွေ့နေရတယ်ပေါ့။ နံပတ် တစ် အချက်က သူတို့က စားဝတ်နေရေး မပြေလည်တာပါတယ်။ နောက်တခုက တဲ တို့ အိမ်တို့ ဆောက်တဲ့အခါမှာလည်း ထုတ် ၊ ရောက် ကအစ နောက်ဆုံး စားသောက်ဆိုင်တွေ အလှဆင်ပြီဆိုတာမှာလည်း ထန်းတုံးကို အလှဆင်ပြီး ဆိုင်တွေ ဘာတွေ ဖွင့်ကြတာတွေ့နေရတယ်။ လက်ရှိလတ်တလောကတော့ သူတို့ တဲတွေ၊ အိမ်တွေဆောက်မယ်။ သစ်တတန် ၁ဝ သိန်းကျော်ရှိတဲ့အတွက် အဲဒါတွေကို သူတို့ မတတ်နိုင်တဲ့အတွက် သူတို့ ထန်းပင်ကို အိမ်ဆောက်ပစ္စည်းဆိုတော့ အဲလိုဟာတွေကို ရောင်းတာပဲ များများတွေ့ရပါတယ်။ လူတွေ စားဝတ်နေရေး အမြန်ပြေလည်ရင် မပြုံးတီးဘူး။ လူတွေမပြေလည်ရင် နှစ်စဉ်နဲ့အမျှ ပြုန်းတီးပြီးတော့ ၁ဝ စုနှစ် တခုလောက်ဆိုလို့ရှိရင် ထန်းပင်က တော်တော်လေးကို မရှိသလောက်ဖြစ်သွားမှာပါ"

မကွေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်က ထန်းတက်တောင်သူတဦး

ထန်းတက်သမား ဘဝဟာ နေ့စဉ် အနားယူလို့မရအောင် ပင်ပန်းဆင်းရဲသလို သက်စွန့်ဆံဖျားလုပ်ရတဲ့ လုပ်ငန်းလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း လယ်ယာမြေနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ တိတိကျကျ သတ်မှတ်ထားပေမယ့် ထန်းတောင်သူလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ဘာဥပဒေမှ မရှိပါဘူး။ အဲဒီအတွက် ထန်းပင်တွေဟာ ယာခင်းဘေးအစပ်မှာ အများအားဖြစ် စိုက်ပျိုးကြတာဖြစ်တဲ့အတွက် မိသားစုအတွင်း အမွေဆိုင်ရာ ပြသာနာတွေလည်း ဖြစ်ပွားကြတာလည်း အများအပြားရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူတဦးက အခုလိုပြောပါတယ်။

"၂ဝ၁၂ မှာ ပေါ်ပေါက်လာတဲ့ လယ်ယာမြေ ဥပဒေမှာ ထန်းတောရဲ့ပိုင်ဆိုင်မှုကို အသိအမှတ်ပြုထားတာမရှိဘူး။ နောက် ၂ဝ၂ဝ မှာ ၂ဝ၁၂ လယ်ယာမြေ ဥပဒေကို ပြင်ဆင်လိုက်တဲ့ ဥပဒေမှာလည်း ထန်းတောပိုင်ဆိုင်မှု ဖော်ပြချက် မရှိဘူး။ မြေကို ပိုင်တာက တဦးဖြစ်တတ်သလို ထန်းတောကို ပိုင်တာက တဦးဖြစ်နေတတ်တယ်။ မိဘတွေက အမွေပေးတဲ့အခါမှာ ပဲ၊ နှမ်း၊ ပြောင်းဝါ စိုက်လို့ရတာကိုကြတော့ သားသမီး တယောက်ကို ပေးရင် အဲဒီယာခင်းမှာပဲ စိုက်ထားတဲ့ ထန်းတောကိုကြတော့ တခြား သားသမီးတယောက်ကို အမွေပေးတယ်။ ပိုင်ဆိုင်မှုက မြေကိုတော့ ပုံစံ ၇ အဖြစ် မှတ်ပုံတင်လို့ရတယ်။ မြေကို အမွေရတဲ့ သားသမီးက မြေကို ပုံစံ ၇ အဖြစ် မှတ်ပုံတင်လိုက်တယ်။ သူပိုင်ဆိုင်မှုက ခိုင်မာသွားတယ်။ ထန်းတောကို အမွေရတဲ့ သားသမီးက ကျတော့ ဒီထန်းတောကို ကောက်ယူထားတာ မရှိဘူး။ ထန်းတောပိုင်ဆိုင်မှုကို အသိအမှတ်ပြုထားတာမရှိဘူး။ ခုနပြောတဲ့ မြေကို မှတ်ပုံတင်တဲ့ သားသမီးကပဲ ထန်းတောကို ပိုင်တဲ့ပုံစံမျိုးဖြစ်သွားတယ်။ အဲဒါကြောင့် မောင်နှမ အချင်းချင်း ၊ ညီအကို အချင်းချင်း အငြင်းပွားမှုတွေ ကျနော်တို့ အညာဒေသမှာ အများကြီးဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့ အနာဂတ် ကာလမှာ လွှတ်တော်တွေ ပေါ်ပေါက်ပြီးတဲ့ နောက်မှာဆိုရင် မြေကို ပိုင်ဆိုင်မှု အသိအမှတ်ပြုတဲ့ ပုံစံမျိုးလိုပဲ ထန်းတောကိုလည်း ပိုင်ဆိုင်မှု အသိအမှတ်ပြုပေးဖို့ လိုပါတယ်"

အိုးထဲကချထားခါစ ထန်းလျက်

စစ်အစိုးရ အဆက်ဆက်မှာလည်း ထန်းတောင်သူတွေနဲ့ ပတ်သက်ပြီး မြှင့်တင်ပေးတာ၊ အသိအမှတ်ပြုပေးရာ မရှိခဲ့ပေမယ့် ၁၉ ၆၂ မတ်လ ၂ ရက် ဗိုလ်ချုပ်ကြီးနေဝင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထန်းလျက် (ထညက်) ကို နယ်မြေဖြတ်ကျော် သယ်ယူခွင့်မပြုလို့ ကန့်သတ်ခဲ့တဲ့အတွက် မှောင်ခိုရောင်းဝယ်ခဲ့ကြရလို့ အဲဒီအချိန်က ထန်းတောင်သူတွေ တော်တော်အထိနာခဲ့ကြပါတယ်။ တကယ်တော့ ထန်းပင်တွေကို ရှေးလူကြီးတွေက ယာခင်းနယ်နမိတ်အဖြစ် သတ်မှတ်တဲ့အနေနဲ့ တန်းစီ စိုက်ထားသလိုပဲ၊ နှမ်းတောင်သူအဖြစ်ရော ၊ ထန်းတောင်သူအဖြစ်ရော ၂ မျိုးစလုံး လုပ်ကိုင်ဖို့အတွက် စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ ထန်းပင်ဟာ မြေအောက်ပေရာချီရှိတဲ့ နေရာက ရေကို စုပ်ယူပြီး ယာခင်းမြေဆီလွှာရှိတဲ့ အပေါ်ယံအလွှာအထိ ရေဓါတ်ရရှိအောင် ဖြန့်ဖြူးပေးတဲ့အတွက် ဂေဟဗေဒ အနေနဲ့လည်း မျှတနေပါတယ်။

ထန်းပင် တပင်ပီပီပြင်ပြင်ဖြစ်ဖို့ ၁၅ နှစ်၊ အနှစ်၂ဝ လောက် ကြာသလို သက်တမ်းအနေနဲ့ကလည်း တရာဝန်းကျင်လောက်ရှိပါတယ်။ ထန်းမှာ ထန်းဖို (ထဖို)အချိန် နဲ့ ထန်းမ (ထမ ) အချိန်ဆိုပြီးကွဲပြားပြီး ထန်းနို့ကရော၊ ထန်းသီးနုကပါ တလှည့်စီ ထန်းရည်ရပါတယ်။ ထန်းဖိုနဲ့ ထန်းမ ကြားကာလ ထန်းပြင်ရတဲ့အချိန်မှာလည်း "ညှပ်"ဆိုပြီး ထန်ရည်နည်းနည်းထွက်တဲ့ အချိန်ရှိပါသေးတယ်။ ဒါကြောင့် ထန်းလျှက်ဟာ နှစ်ပတ်လည် နီးပါး ထွက်ရှိတယ်လို့ ပြောလို့ရပါတယ်။ ထန်းပင်ကနေ တခြား ထန်းရွက် ၊ ထန်းလျှော် ၊ ထင်းအတွက် ထန်းပလက် ၊ ထန်းခေါက်တောင်း စတာတွေအပါအဝင် မျိုးစုံထုတ်လုပ်လို့ရပါတယ်။ ဒါပေမယ့်လည်း အညာဒေသရဲ့ သဘာဝ အလှတရား ထန်းပင်တွေဟာ တဖြည်းဖြည်းနဲ့ ခုတ်လှဲရောင်းချနေတာကတော့ စီးပွားရေး၊ လူမှုရေးနဲ့ ဂေဟဗေဒစနစ်တွေကိုလည်း ပျက်စီးစေပါတယ်။