စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းမှာ သာမန်ပြည်သူတွေ နေ့စဉ် ရှင်သန်နေထိုင်နိုင်ဖို့ အပြင်းအထန် ရုန်းကန်လှုပ်ရှားရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ ဆန်ကိုအားထားစားကြတဲ့ မြန်မာနိုင်ငံမှာ ဆန်ဈေးအပါအဝင် အစစအရာရာ ဈေးတွေတက်နေပေမယ့် လုပ်အားခ တိုးမလာတာကြောင့်လည်း အခက်ကြုံနေကြရတယ်လို့ ဆိုပါတယ်။ တချိန်က ဆန်ရေစပါး ပေါကြွယ်ဝတဲ့နိုင်ငံမှာ အခုအခါ အစာရေစာ ပြတ်လပ်ပြီး သေဆုံးကြတဲ့ သူတွေလည်း ရှိတယ်လို့ မျက်မြင်ကြုံတွေ့သူတွေက ပြောပါတယ်။ မြန်မာပြည်သူတွေ အစာရေစာ ဘယ်လိုချွေတာ စားသောက်နေရလဲဆိုတဲ့အကြောင်း ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
စစ်ကောင်စီအာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကစလို့ မြန်မာနိုင်ငံအတွင်းမှာ ဆန္ဒပြအုံကြွခဲ့ကြပြီး နောက်ပိုင်းမှာတော့ နိုင်ငံတကာက လာရောက် ရင်းနှီးမြှုပ်နှံကြတဲ့ ကုမ္ပဏီတွေလည်း မြန်မာနိုင်ငံတွင်းက ပြန်လည်ထွက်ခွါကုန်ပါတယ်။ စားသောက်ကုန်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ ၊ ဆက်သွယ်ရေး ၊ စွမ်းအင်နဲ့ အထည်ချုပ်စက်ရုံလုပ်ငန်းတွေလည်း တချို့က ရပ်ဆိုင်းလိုက်သလို တချို့က ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည် ရောင်းချပြီး ပြည်ပကို ပြန်လည်ထွက်ခွါကုန်တာပါ။ ဒါ့အပြင် အာဏာသိမ်းလိုက်တဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုအနေနဲ့ ကျပ်ငွေတန်လည်း ဖိုးကျဆင်းသွားသလို ကုန်ပစ္စည်းပြတ်လပ်တာတွေကိုလည်း မြန်မာလူထု ရင်ဆိုင်နေရပါတယ်။ ၃ နှစ်အတွင်း ပြောင်းလဲမြင့်တက်လာတဲ့ ကုန်ဈေးနှုန်း အခြေအနေကို ကုန်စုံဆိုင်ပိုင်ရှင်တဦးက အခုလို ပြောပြပါတယ်။
"အာဏာမသိမ်းခင် ဆန်ကြမ်း ၂၄ ပြည် တအိတ်ကိုမှ ၂ သောင်းကျော်ပဲပေးရတယ်။ ဆန်ချောဆိုရင် ၂၄ ပြည်တအိတ်ကို ၄ သောင်းကျော်ပဲ ပေးရာကနေ အခုဆိုရင် အာဏာသိမ်းပြီး ၃ နှစ်အတွင်းမှာ ဆန်ကြမ်း ၂၄ ပြည်တအိတ်ကို ၁ သိန်းနီးပါး ပေးနေရပြီ။ ဆန်ချော ၂၄ ပြည်တအိတ်ကို ၂ သိန်းနီးပါး ပေးနေရပြီ။ ဒီ ၃ နှစ်အတွင်းမှာ ကျွန်တော်တို့ ၄ ဆ တက်သွားတယ်။ ဆန်တမျိုးတည်းပြောမယ်ဆိုရင်။ ကျန်တဲ့ဟာတွေက ကြက်ဥတို့ ကြက်သွန်နီ ကြက်သွန်ဖြူ ဆီဆန် အကုန်လုံး မဖြစ်မနေ လူတွေစားသောက် ရတဲ့ အခြေခံစားသောက်ကုန်တွေ ဒီအာဏာသိမ်းတဲ့ ၃ နှစ်အတွင်းမှာ ၄ ဆလောက် ဖြစ်သွားတယ်။ အဲ့ဒါနဲ့ဆန့်ကျင်ဘက်က ဘာလဲဆိုတော့ ကျွန်တော်တို့ လုပ်ငန်းခွင် အခြေခံလူတန်းစားတွေလုပ်မယ်။ လူလတ်တန်းစား ရုံးဝန်ထမ်းတွေ ရှိမယ်။ အများများသော အလွှာက လူတန်းစားတွေသည် လုပ်ခလစာတွေက တိုးလာခြင်းမရှိဘူး။"
အာဏာသိမ်းပြီးချိန်ကစလို့ လူငယ်အများအပြားဟာ စစ်ကောင်စီကို တော်လှန်ဖို့ဆိုပြီး ဒေသခံ ကာကွယ်ရေးတပ်တွေ ကိုယ်စီဖွဲ့ကြသလို တချို့လည်း နီးစပ်ရာ လူမျိုးစုအဖွဲ့တွေစီဝင်ရောက် အမှုထမ်းပါတယ်။ လူမျိုးစုလက်နက်ကိုင် အဖွဲ့တွေကလည်း စစ်ကောင်စီကို ပူးပေါင်း တိုက်ခိုက်လာတာကြောင့် စစ်ကောင်စီ စခန်းအများအပြားနဲ့ လက်နက်တွေ ရရှိခဲ့ပါတယ်။ စစ်ကောင်စီကတော့ အခုလို တိုက်ခိုက်ခံရတာကို အကြောင်းပြပြီး ဒေသတိုင်းမှာ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ရာကနေ ကုန်စည်ပြတ်လတ်တာတွေနဲ့ ကြုံနေရတာလို့ ဒေသခံတွေက ပြောပါတယ်။
ကုန်စည်ပြတ်လပ်ရာကနေ အစစအရာရာ စျေးတက်ကုန်တာကြောင့် လစာဝင်ငွေနည်းပါးသူတွေအဖို့ စားဝတ်နေရေး ကြပ်တည်းနေတဲ့အကြောင်းကို နေ့စားလုပ်သားတဦးဖြစ်သူက သူကြုံတွေ့နေရတဲ့ အခက်အခဲကို အခုလို ရှင်းပြပါတယ်။
"ကိုယ့်လက်ထဲမှာ အလုပ်လေးမှန်လို့ ပိုက်ဆံလေး နည်းနည်းပါးပါး ပိုလျှံလေးရှိလို့ အသားငါးလေးဘာလေး စားချင်တယ်ဆိုရင် အရင်တုန်းကဆိုရင် ၁ ထောင်ဖိုးဆိုရင် အဆီနဲ့အသားနဲ့ ကလေးတွေလည်း စားလို့အဆင်ပြေအောင် ကိုယ်လည်းစားလို့အဆင်ပြေအောင် ၂ ထောင်ဖိုး ၁၅၀၀ ဖိုးဆိုရင် မိသားစုတွေ ညမနက် အာလူးလေးဘာလေးနဲ့ရော စားလို့ရတယ်။ အခုက ၄ ထောင်ဖိုး ၅ ထောင်ဖိုးဝယ်တာတောင်မှ တယောက်နဲ့တယောက် ဝေစားနေရတယ်။ မင်းကဒါစား မင်းကဒါစားဆိုပြီး ဝေစားမှ အဆင်ပြေတယ်။ ဆိုတော့ အဆင်မပြေဘူး။ အလုပ်သွားတဲ့အခါမှာလည်း တခါတလေ လဖက်ရည်သောက်တာဘာညာရှိတယ်။ သူငယ်ချင်းတွေ အပေါင်းအသင်းတွေနဲ့ လဖက်ရည်သောက်တာရှိတော့ လဖက်ရည်ဆိုင်ဝင်လိုက်ရင် ဟိုတုန်းက လဖက်ရည်က ၂၀၀ အီကြာကွေးက ၁၀၀-၁၅၀ ပေါ့နော်။ ပေးသောက်ရတဲ့ အနေအထားမှာ လဖက်ရည် ၁ ခွက်ကို ၇၀၀ ကပ်တောင်မကပ်နိုင်ဘူး။ အီကြာကွေး ၁ ချောင်းကို ၅၀၀ မကပ်နိုင်တော့ ဒီတိုင်းလည်း ဘာမှမစားဘဲနဲ့လည်း အလုပ်သွားရတာပဲ။ ဘာလို့လည်းဆိုတော့ အဲ့ဒါကိုစားလိုက်ရင် အိမ်ကို ပိုက်ဆံ ပြန်ပါမလာတော့ဘူး။"
နိုင်ငံတွင်း အခြေအနေ မတည်ငြိမ်တာကြောင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေထွက်ခွာတာမှာ မြန်မာနိုင်ငံဘက်က အမြဲတစေ အကာအကွယ်ပေးလေ့ရှိတဲ့ တရုတ်နိုင်ငံက ရင်းနှီးမြှပ်နှံသူတွေေတောင်ပါဝင်ပါတယ်။ ခုအခါ တရုတ်စက်ရုံတချို့ဟာ မြန်မာနိုင်ငံကနေထွက်ခွာပြီး တရုတ်နိုင်ငံမှာ ပြန်လည် ရင်းနှီးမြှပ်နှံကြပါတယ်။ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုနည်းပါးတာတွေကြောင့်လည်း ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးလာပါတယ်။ စားဝတ်နေရေး မပြေလည်တာကြောင့် အစာရေစာပြတ်လပ်ပြီး အသက်ဆုံးရှုံးသွားရတဲ့သူတွေ ရှိလာတယ်လို့ အိမ်ရှင်မတဦးက သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို အခုလို ပြောပြပါတယ်။
"ဟိုတုန်းကဆိုရင် ထမင်းငတ်သေတဲ့မသာမမြင်ဖူးဘူး။ ကြားလည်းမကြားဖူးဘူး။ အခုဆိုရင် ထမင်းငတ်သေတဲ့သူ ကိုယ်တွေမျက်စိရှေ့တင်ပဲ အကုန်လုံးလည်း ငတ်ပြတ်နေကြတာ။ ကိုယ်တောင်မငတ်အောင် မနည်းရုန်းကန်ပြီး ရှာဖွေစားသောက်နေရတာ။ ကလေးတွေရှိတော့ ဆန် ၅ လုံးရှိရင် ကလေးတွေအတွက် ဦးစားပေးပြီး ၃ လုံးလောက်ချက် အဲ့လိုမငတ်အောင် နေနေရတာ။ ကိုယ်တောင် မသေအောင် မနည်းလုပ်ပြီးနေရတာ"
အခုလိုကုန်ဈေးနှုန်းတွေ မြင့်တက်လာတာဟာ ဝိသမလောဘသား ကုန်သည်တွေကြောင့်ဖြစ်ရတာလို့ အာဏာသိမ်းစစ်တပ်ဟာ စွပ်စွဲခဲ့ပြီးတဲ့နောက် စီးပွားရေး သမားတွေ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေကို ဖမ်းဆီး စစ်ဆေးတာတွေ အပြင် ကုန်ပစ္စည်းတွေကို သတ်မှတ်ဈေးနှုန်းတွေနဲ့ ရောင်းချခိုင်းခဲ့ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်တွေဘက်က ကုန်ဈေးနှုန်းကျဆင်းရေး ကြိုးစားဆောင်ရွက်နေတယ်လို့ တွင်တွင်ပြောနေပေမယ့် ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ ဒဏ်ကိုတော့ အခြေခံလူတန်းစားတွေဟာ နေ့စဉ်နဲ့အမျှ ခံစားနေရတုန်းပဲဖြစ်ပါတယ်။
အခြေခံစားသောက်ကုန် ဈေးနှုန်းတွေမြင့်တက်ပြီး ကျပ်ငွေတန်ဖိုးကျဆင်းချိန်မှာပဲ အာဏာသိမ်းစစ်ကောင်စီဟာ ကျပ်ငွေ ၂ သောင်းတန် ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေခဲ့တာတွေကြောင့် ငွေဖောင်းပွမှုပိုဖြစ်နိုင်တယ်လို့ လည်း စီးပွားရေးပညာရှင်တွေက သုံးသပ်ထားတာပါ။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ လာမယ့် ၂၀၂၇ ခုနှစ်အထိ စစ်တပ်အာဏာမသိမ်းမှီက အခြေအနေကို ပြန်မရောက်နိုင်တော့ဘဲ အာဏာသိမ်းပြီးတဲ့နောက် အလုပ်သမား ၄၀ ရာခိုင်နှုန်းဟာလည်း အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ ကမ္ဘာ့ ဘဏ်ကထုတ်ပြန်ထားပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ ညွှန်းကိန်းတွေအတွက် အချက်အလက် မျှဝေတဲ့ Trading Economics အဖွဲ့သုံးသပ်ချက်အရ မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့နှုန်း ၃ ဆလောက် တက်လာခဲ့တယ်လို့ ဖေါ်ပြထားပြီး ၂၀၂၃ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကထုတ်ပြန်တဲ့ ကမ္ဘာ့အဆင်းရဲဆုံး (၂၅) နိုင်ငံစာရင်းမှာလည်း မြန်မာနိုင်ငံက နံပါတ် (၂၄) မှာပါဝင်နေပြီး အရှေ့တောင်အာရှမှာတော့ မြန်မာနိုင်ငံက အဆင်းရဲဆုံးနိုင်ငံဖြစ်နေပါတယ်။
Your browser doesn’t support HTML5