ဦးဝီရသူ တလအတွင်း အဖမ်းခံဖို့ ဝရမ်းကပ်ကြေညာ

ဦးဝီရသူ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ ဝေဖန်တိုက်ခိုက် ပြောဆိုခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသားရေးဝါဒီ ဦးဝီရသူအနေနဲ့ တလအတွင်း အမှု လာရောက်ဖြေရှင်းဖို့ ရန်ကုန်တရားရုံးတခုက အမိန့်ချ ဆင့်ခေါ်ပါတယ်။ တရားရုံးလုပ်ထုံးအရဆိုရင်တော့ သူ့အပေါ် စွဲဆိုထားတဲ့အမှုကို တလအတွင်း လာရောက်မဖြေရှင်းရင် တရားခံပြေးအဖြစ်သတ်မှတ်ခံရဖွယ်ရှိတယ်လို့ ဥပဒေရေးကျွမ်းကျင်သူတွေက ပြောပါတယ်။ မြန်မာသတင်းပညာသိပ္ပံကျောင်းက ဗွီအိုအေရုံးအလုပ်သင် အိမ့်သန္တာထွန်း က ပြောပြပါလိမ့်မယ်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ၁၂၄(က) နဲ့ တရားစွဲဆိုခံထားရလို့ ထွက်ပြေး တိမ်းရှောင်နေတဲ့ ဆရာတော် ဦးဝီရသူကို တလအတွင်း လာရောက်ဖြေရှင်းဖို့ မနေ့က အနောက်ပိုင်း ခရိုင်တရားရုံးက အမိန့်ချမှတ် လိုက်ပါတယ်။

မနေ့က တရားလိုပြသက်သေ ၁၂ ဦးမှာ ကျန်ရှိတဲ့ ၃ ဦးကို စစ်ဆေးခဲ့ပြီးနောက် အခုလို အမိန့် ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။ အမိန့်ချမှတ်တာနဲ့ ပတ်သက်လို့ အနောက်ပိုင်း ခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဒုခရိုင်တရားသူကြီး(၃) ဦးမင်းသန့်က အခုလိုပြောပါတယ်။

"တရားရုံးကနေပြီးတော့ တရားရုံးများလက်စွဲ အပိုဒ် ၅၁၃ အပိုဒ်ခွဲ ၅ ပေါ့နော်။ ပုဒ်မ ၈၇ ရာဇဝတ်ကျင့်ထုံး ဥပဒေ ၈၈ အရ ကျွန်တော်တို့က ထွက်ပြေးတိမ်းရှောင်နေသူအတွက် ထုတ်ပြန်ကြေညာချက်ဆိုတာ ထုတ်ပြန်ပါတယ်။ အဲ့ထုတ်ပြန်ကြေညာချက်ကို တလမှာ ၉ ရက် ၈ လ ၂၀၁၉ မှာ ပြန်ပြီး တရားရုံးကို ပြန်တင်ပြဖို့ ချိန်းထား ပါတယ်။"

တရားရုံးက ချမှတ်တဲ့ ကြေညာစာနဲ့ ပတ်သက်လို့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့်က အခုလို ရှင်းပြပါတယ်။

"ဒီရာဇဝတ်ကျင့်ထုံး ၈၇-၈၈ဆိုတာက ဖမ်းဝရမ်းကာလအတွင်းမှာ ထုတ်ဆင့်ထားတဲ့ ကာလအတွင်းမှာ ဖမ်းမမိလို့ ဝရမ်းအတည်မဖြစ်တဲ့အတွက် တရားရုံးကို သတ်မှတ်ကာလအတွင်း သူကိုယ်တိုင် တရားရုံး ရှေ့မှာ အမှုရင်ဆိုင်ဖို့အတွက် ကြေညာစာကပ်တာပါ။ အဲ့ကြေညာစာကာလ ကုန်ဆုံးသွားရင်တော့ သူဒါ တရားခံပြေး ဖြစ်ပါလိမ့်မယ်။"

တရားရုံးရဲ့ကြေညာချက်ကို ဆရာတော် ဦးဝီရသူ သီတင်းသုံးတဲ့ မစိုးရိမ်ကျောင်းမှာ ကပ်ရမှာ ဖြစ်ပါတယ်။ ကြေညာချက်ကပ်တာနဲ့ ပတ်သက်လို့ ဒုတိယရဲမှူးကြီး မျိုးသူစိုးက အခုလိုပြောပါတယ်။

"ဒီ ဆရာတော် ဦးဝီရသူအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ တရားရုံးမှာ တရားစွဲထားခြင်းခံရတယ်ပေါ့။ ဒါနဲ့ ပတ်သက်လို့ လာဖြေရှင်းပါဆိုပြီးတော့မှ အသိပေးတဲ့စာကိုပဲ လိုက်ကပ်တာ။ အသိပေးတဲ့ အမိန့်စာပေါ့။ အမိန့်စာကို အခုကျွန်တော်တို့ကတော့ ခရိုင်ကိုပို့ရတာ။ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို အဲ့ဒီစာမရောက်သေး ဘူး။ ပို့တော့ ပို့နေပြီမရောက်သေးတာ။ သူ့သဘောတရားက ကာယကံရှင်ရှိတဲ့နေရာမှာ ကပ်ရတာ။ ကာယကံရှင် တရားစွဲတင်တုန်းက ဖော်ပြထားတဲ့ လိပ်စာမှာ ကပ်ရတာပေါ့။"

ဆရာတော် ဦးဝီရသူကိုတော့ မေလ ၅ ရက်နေ့မှာ ဟောပြောတာနဲ့ ပတ်သက်ပြီး တရားစွဲဆိုဖို့ ပြည်ထောင်စုအစိုးရက ရန်ကုန်တိုင်းအစိုးရကို ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တိုင်းအစိုးရက ညွှန်ကြားတာကြောင့် အနောက်ပိုင်း ခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းက တရားလိုလုပ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) နဲ့ တရားစွဲဆိုတာဖြစ်ပါတယ်။

ဆရာတော်ဦးဝီရသူဘက်တော့ ဓမ္မစက်နဲ့ အရေးယူပြီးမှ အာဏာစက်နဲ့ အရေးယူခံမယ်လို့ လူမှုကွန်ယက်မှာ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အစောပိုင်းက ရန်ကုန်းတိုင်း သံဃာ့နာယက အဖွဲ့က သြဝါဒပေးဖို့စီစဉ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ဆိုင်းခဲ့ပါတယ်။

ဆရာတော် ဦးဝီရသူကို ဖမ်းမိရေးနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က သွားလာတတ်တဲ့နေရာတွေမှာ ရှာဖွေဆောင်ရွက် တာတွေ ပြုလုပ်နေတယ်လို့ ပြောဆိုနေပေမယ့် အခုချိန်ထိတော့ ဆရာတော်ဦးဝီရသူဟာ ဘယ်နေရာမှာ ပုန်းရှောင်းနေတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

Your browser doesn’t support HTML5

ဦးဝီရသူ တလအတွင်း အဖမ်းခံဖို့ ဝရမ်းကပ်ကြေညာ