ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မဲဆောက် အပါအဝင် ထိုင်းနယ်စပ်ဒေသ မြို့နယ် ၅ ခုမှာ လုံခြုံရေး တိုးမြှင့် ချထားပါတယ်။ နယ်စပ်လုံခြုံရေး စိုးရိမ်မှုတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်က စောင့်ကြည့် စစ်ဆေးနေတဲ့အကြောင်း ထိုင်းမြန်မာ နယ်စပ် အခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
ထိုင်းနိုင်ငံနဲ့ နယ်ချင်းစပ်နေတဲ့ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့်ရော၊ စစ်ကောင်စီတပ်တွေက နယ်စပ်တလျှောက် လက်နက်ကြီးတွေနဲ့ နေ့ရောညပါ အဆက်မပြတ် ပစ်ခတ်နေတာတွေကြောင့်ပါ ထိုင်းမြန်မာ နယ်စပ်ဒေသတွေ ဖြစ်တဲ့ မဲဆောက်၊ မယ်လမ၊ ဖွတ်ဖရထာ့၊ ဆောင်ရန်း နဲ့ အုန်းဖြန် မြို့နယ် ၅ ခုမှာ မနေ့ ဇူလိုင်လ ၁၈ ရက်နေ့ကစလို့ လုံခြုံရေး တိုးမြှင့်ချထားတာပါ။
မြန်မာနိုင်ငံဘက်ခြမ်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် ထိုင်းနယ်ခြား စောင့်တပ်နဲ့ နယ်မြေရဲတပ်ဖွဲ့တွေက နယ်ခြား အဝင်ထွက်နေရာတွေကို အသေးစိတ် စစ်ဆေး စောင့်ကြည့်နေတာ ဖြစ်ပါတယ်။
ထိုင်းနယ်ခြားစောင့်တပ် ဗိုလ်မှူးကြီး ဖုန်စထောင် နိပရာ (Pongsathorn Nippaya) ကိုယ်တိုင်ဦးစီးပြီး အနီးကပ် စောင့်ကြည့်နေပြီးတော့ မြန်မာနိုင်ငံ ဘက်ကနေ ဝင်လာမယ့် စစ်ရှောင်ပြည်သူနဲ့ ဒဏ်ရာရသူတွေ ရှိ မရှိ နဲ့ ထိုင်းဘက်ကနေ ဆေးဝါးရိက္ခာတွေ ပို့ဆောင်ဖို့ လုပ်နေတာတွေ ရှိမလား ဆိုတာကို စိစစ်စောင့်ကြည့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
နယ်စပ်လုံခြုံရေး တိုးမြှင့်ချထားတာနဲ့ ပတ်သက်လို့တော့ ဗိုလ်မှူးကြီး ဖုန်စထောင် က ထိုင်းဘာသာနဲ့ အခုလို ပြောပါတယ်။
"ထိုင်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာ တည်မြဲရေးနဲ့ နယ်စပ်ဒေသ အရေးမှာ ထိုင်းနယ်မြေအတွင်း စစ်ကြောင့် ထိခိုက် ဆုံးရူံးမှုတွေ ဖြစ်လာမှာကို ကာကွယ်တဲ့အနေနဲ့ အခုလို နယ်စပ်လုံခြုံရေးကို တိုးမြင့်လုပ်ဆောင်ရတာ ဖြစ်တယ်လို့ ပြောသွားတာပါ။"
ဒီနေ့ ဇူလိုင်လ ၁၉ ရက် မနက်ပိုင်းမှာတော့ နယ်ခြားစောင့်တပ် အမှတ် ၃၄၆ နဲ့ ရိန်းဂျား အမှတ် ၁၄ တပ်ဖွဲ့ဝင်တွေဟာ စစ်ယာဉ်တန်း ဆိုင်ကယ်တွေနဲ့ မိုးရေးမြစ် လို့ခေါ်တဲ့ သောင်ရင်း မြစ်ကြောင်းတလျှောက် ကင်းလှည့် စစ်ဆေးနေတာ တွေ့ရပါတယ်။
ကရင်ပြည်နယ်အတွင်းမှာတော့ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) ထိန်းချုပ်နယ်မြေထဲမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် ကျားသစ်နက် စစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့တွေ ပါတဲ့ ပူးပေါင်း တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ဒီလို တိုက်ပွဲတွေကြောင့် ထိုင်းဘက်မှာလည်း စိုးရိမ်မှုတွေ ပိုများလာနေတာ ဖြစ်တယ်လို့ နယ်စပ်ဒေသမှာ နေထိုင်သူ တဦးက ပြောပါတယ်။
"လက်ခတ်တောင်ဘက်က တိုက်ပွဲတွေက အတော်လေး ပြင်းပြင်းထန်ထန် ဖြစ်နေတယ်။ ထိုင်းမြန်မာနယ်စပ်မှာ ထိုင်းဘက်က လုံခြုံရေးတွေ အတော်ချထားတယ်။ ဟိုဘက်ကမ်းမှာ လက်နက်ကြီးတွေနဲ့ တနေ့လုံးတညလုံး ညံနေတော့ ထိုင်းဘက်အိပ်လို့တောင် မရဘူး။ အဲဒီလိုဖြစ်နေတော့ လုံခြုံရေးတွေ ချထားတာက သူတို့ထိုင်းဘက်ကို ကျလာမှာစိုးလို့ လုံခြုံရေးတွေ ချထားတာဖြစ်တယ်။"
မြန်မာနိုင်ငံဘက်မှာ အခုလို တိုက်ပွဲတွေ ပြင်းထန်လာတိုင်း အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို စစ်ဘေးတိမ်းရှောင်သူတွေ အလုံးအရင်းနဲ့ ထွက်ပြေးလာလေ့ ရှိတာကြောင့် ဒီအပေါ်မှာ ထိုင်းအာဏာပိုင်တွေက စိုးရိမ်ပူပန်နေကြတာပါ။ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန် စစ်ဘေးရှောင် ၈၀၀၀ ထက်မနည်း ထိုင်းဘက်ကို အလုံးအရင်း ထွက်ပြေး ခိုလှုံခဲ့တာ ရှိပါတယ်။ နှစ်ဘက်တိုက်ပွဲတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းက တိုက်ခိုက်တာတွေကြောင့် ထိုင်း−မြန်မာနယ်စပ် သောင်ရင်းမြစ်အနီး စစ်ဘေးရှောင်နေရသူတွေ အများအပြား ရှိနေပြီး တချို့က တနှစ်ခွဲကျော်ကြာတဲ့အထိ နေရပ်မပြန်နိုင်ကြသေးပါဘူးရှင်။
Your browser doesn’t support HTML5