ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို တိုးမြှင့်တဲ့အနေနဲ့ တရုတ်နိုင်ငံသား ခရီးသွားတွေကို ပြည်ဝင်ခွင့် မလိုဘဲ ဝင်ရောက်ခွင့်ပေးလိုက်သလို ပထမဆုံး ရောက်လာတဲ့ တရုတ်ခရီးသွားတွေကို ဒီနေ့(စက်တင်ဘာ ၂၅) ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကိုယ်တိုင် ကြိုဆိုပါတယ်။
တရုတ်နိုင်ငံသား ခရီးသွားတွေကို စက်တင်ဘာလ ၂၅ ရက်နေ့ကနေ ရှေ့နှစ် ဖေဖေါ်ဝါရီလ အထိ ဗီဇာမလိုဘဲ ထိုင်းနိုင်ငံကို လာရောက်ခွင့် ခွင့်ပြုထားတာပါ။ ငါးလအတွင်း တရုတ်နိုင်ငံသား ခရီးသွား ၂ သန်း ၈ သိန်းကျော် လာရောက်မယ်လို့ မျှော်လင့်ထားပါတယ်။ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းကို အဓိက အားထားတဲ့ ထိုင်းနိုင်ငံမှာ ဒီနှစ်အတွင်းမှာလည်း တရုတ်နိုင်ငံသား ခရီးသည် ၂ သန်း ၃ သိန်းကျော် လာရောက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံထဲမှာ အွန်လိုင်း ရာဇဝတ်မှုကျုးလွန်တဲ့ အလုပ်တွေ လုပ်ခိုင်းဖို့ ပြန်ပေးဆွဲခံရမှာကို စိုးရိမ်ပြီး တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်တချို့ ထိုင်းနိုင်ငံကိုသွားဖို့ ဝန်လေးနေတဲ့အကြောင်း AFP သတင်းမှာ ရေးသားထားပါတယ်။
တရုတ်နိုင်ငံမှာပြသတဲ့ "No More Bets" ဆိုတဲ့ ရုပ်ရှင်မှာ ထိုင်းနိုင်ငံကိုသွားတဲ့ ခရီးသည်တွေ ပြန်ပေးဆွဲခံရပြီး မြန်မာနိုင်ငံနဲ့ ဒေသတွင်း နိုင်ငံတွေမှာ အွန်လိုင်း ရာဇဝတ်မှုတွေ ကျုးလွန်ဖို့ အခိုင်းခံရတဲ့အကြောင်း ရိုက်ကူးထားတာကြောင့် တရုတ်နိုင်ငံသား ခရီးသည်တွေကြားမှာ စိုးရိမ်မှုတွေ ရှိနေတယ်ဆိုပြီး AFP သတင်းမှာ ရေးသားတာ ဖြစ်ပါတယ်။