ထိုင်းနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စီးပွားရေး ပြဿနာတွေကို အမြန်ဆုံးဖြေရှင်းပေးမယ်လို့ ဝန်ကြီးချုပ်သစ် Srettha Thavisin က ဒီကနေ့ လွှတ်တော်မှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ကတိပေးလိုက်ပါတယ်။ ၄ လကြာ အစိုးရသစ်မဖွဲ့နိုင်တာကြောင့် နိုင်ငံရေးအရ မရေမရာ အခြေအနေတွေကြုံခဲ့ရပြီးနောက် ပထမဦးဆုံးပြန်လည်ကျင်းပတဲ့ လွှတ်တော်မှာ ကတိပြုခဲ့တာပါ။
အိမ်ခြံမြေလုပ်ငန်းရှင် အဖြစ်ကနေ နိုင်ငံရေး လောကထဲ ဝင်ရောက်လာတဲ့ ဝန်ကြီးချုပ်သစ် Srettha ဟာ သူဦးဆောင်မယ့် အစိုးရ သက်တမ်း ၄နှစ်တာ ကာလမှာ နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်း ပေးဖို့အတွက် တောင်းဆိုမှုတွေနဲ့လည်း ရင်ဆိုင်နေရတာပါ။
COVID-19 ကပ်ရောဂါဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ ကျဆင်းသွားသလို နိုင်ငံအတွက် အကျိုးအမြတ်များတဲ့ ခရီးသွား လုပ်ငန်းတွေကိုလည်း ထိခိုက်စေခဲ့တာပါ။ အစိုးရရဲ့ ကြွေးမြီဟာ ၂၀၂၃ ခုနှစ်မှာ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု (GDP) ရဲ့ ၆၀ ရာခိုင်နှုန်း ကျော်အထိ မြင့်တက်လာခဲ့ပြီး၊ မိသားစုတွေရဲ့ ကြွေးမြီဟာလည်း GDP ရဲ့ ၉၀ ရာခိုင်နှုန်းကျော်အထိ တိုးလာတယ်လို့လည်း သူကပြောပါတယ်။ ကြွေးမြီပြဿနာတွေ သက်သာရာရစေရေး၊ စွမ်းအင်ကုန်ကျစရိတ် တိုးမြင့်လာမှုကို လျော့ပါးသက်သာစေရန်နဲ့ ခရီးသွားလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့လည်း သူက ကတိပြုခဲ့ပါသေးတယ်။
သူ့ရဲ့ Pheu Thai ပါတီဟာ ရွေးကောက်ပွဲမှ ဒုတိယ မဲအများဆုံးရခဲ့တဲ့ ပါတီဖြစ်ပြီး၊ အထက်လွှတ်တော်ရဲ့ ထောက်ခံမှုကို ရရှိခဲ့ကာ ပထမနေရာရခဲ့တဲ့ Move Forward မပါဘဲ ပိုမိုကျယ်ပြန့်တဲ့ ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ပါတီဟာ မဲဆွယ်ပွဲ ကတိကဝတ်ကိုဖျက်ပြီး ယခင်အစိုးရရဲ့ တစိတ်တပိုင်းဖြစ်ခဲ့တဲ့ ပါတီတွေ၊ စစ်တပ်လိုလားတဲ့ ပါတီတွေနဲ့ ပူးပေါင်းပြီး အစိုးရသစ်ဖွဲ့စည်းနိုင်ခဲ့တာပါ။