မြန်မာရွှေ့ပြောင်းလုပ်သားတချို့ ပြဿနာ ထိုင်းစစ်တပ်ကူညီဖြေရှင်း

ထိုင်းရောက် မြန်မာ အလုပ်သမားတွေနဲ့ အလုပ်ရှင် အစည်းအဝေး (ဓာတ်ပုံ -AAC)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ထာ့ခန်နယ်မြေမှာရှိတဲ့ ပင်လယ်စာနဲ့ တူနာငါးစက်ရုံက အလုပ်ရှင်တွေ အလုပ်သမား အခွင့်အရေး ချိုးဖောက်တယ်လို့ ဆိုပြီး စောဒကတက်တဲ့ အလုပ်သမားတချို့ကို အလုပ်ရှင်က ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့တဲ့အတွက် တချို့ ဆေးရုံတက် ကုသမှု ခံယူနေရပါတယ်။ အလုပ်သမားတွေရဲ့ တိုင်ကြားမှုကြောင့်ဒီပြဿနာကို ထိုင်းစစ်တပ်ကပါ ဝင်ရောက် ဖြေရှင်းပေးခဲ့ရပါတယ်။ မြန်မာ အလုပ်သမားတွေရဲ့ နိုင်ငံကူးလက်မှတ်တွေ၊ အလုပ်သမား အထောက်အထား လက်မှတ်တွေကို သိမ်းဆည်းထားတာ အပါအဝင် အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေကြား ရိုက်နှက်မှု ဖြစ်တဲ့အကြောင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးမာက သတင်းပေးပို့ ထားပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သား ၇၀၀ ကျော်လောက် အလုပ်လုပ်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ထာ့ခန်နယ်မြေမှာရှိတဲ့ ပင်လယ်အစားအစာတွေ ထုတ်လုပ်တဲ့ တူနာငါးစက်ရုံမှာ အလုပ်သမားတွေဟာ ၁၀ နာရီလောက် အလုပ်လုပ်ကြရပေမဲ့ အချိန်ပိုကြေး မရသလို သူတို့ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတဲ့ အထောက်အထား စာအုပ်တွေ နိုင်ငံကူးလက်မှတ်တွေ ကိုပါ အလုပ်ရှင်တွေက သိမ်းထားတာ ဖြစ်ပါတယ်။ ဒီကိစ္စကို ညှိနှိုင်းဖြေရှင်းပေးဖို့ အလုပ်သမားတွေက တောင်းဆိုရာက အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ ရိုက်နှက်မူတွေ ဖြစ်တဲ့အထိ ပြသနာတက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်သမားတချို့က အလုပ်သမားရေး ကိစ္စတွေကို အကူညီပေးနေတဲ့ အေအေစီ အဖွဲထံကို ထွက်ပြေးလာခဲ့ပြီး အကူညီတောင်းခံခဲ့ပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ကတော့ ထိုင်းစစ်တပ်နဲ့အတူ ထိုင်းနိုင်ငံက အလုပ်သမားရေး ဆောင်ရွက်နေတဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ဖြေရှင်းပေးခဲ့ရကြောင်း အေအေစီ အဖွဲ့ရဲ့ ဥက္ကဌ ဦးခိုင်ကြီးကပြောပါတယ်။

“ တူနာ ငါးသေတ္တာလုပ်ငန်း ပင်လယ်အစားအစာလုပ်ငန်း ပေါ့။ လောလောဆယ် အလုပ်သမား ရခိုင်လူမျိုးချည်းပဲ ၅၀၀ လောက် ရှိတယ်။ မွန်၊ ဗမာတွေက ၂၀၀ လောက် ရှိတယ်။ အဲဒီမှာ အခင်းဖြစ်ပွားတာ ကတော့ စာအုပ်တွေ သိမ်းထားရာကနေ သတင်းပို့တယ်။ သတင်းပို့ရာကနေ MoU လုပ်သားကလည်း ၁၈၀ လောက် ရှိတယ်။ စက်ရုံသူဌေးက ဘာမှမပြောဘဲ သူ့သားကနေ ခြိမ်းခြောက်တာပေါ့။ သေနတ်ဒင်နဲ့ ရိုက်တာ အလုပ်သမားက ဆေးရုံရောက်သွားတယ်။ ကောင်မလေး ၅ ယောက် လောက်ကိုလည်း ပါးရိုက်လိုက်တော့ အဲဒီမှာ ကလေးတွေက ထိုင်းစစ်တပ်ကို သွားတိုင်တယ်။ ပြီးတော့ ကျနော်တို့ရုံးကို ထွက်ပြေးလာတယ်။ ထိုင်းစစ်တပ်က ကျနော်တို ကိုခေါ်ပြီး မနေ့က ရဲစခန်းမှာ အစည်းဝေး လုပ်ကြတယ်။”

ဒီဇင်ဘာလ ၅ ရက်နေ့ မှာတော့ အလုပ်သမားတွေဆီက သိမ်းဆည်းထားတဲ့ နိုင်ငံကူးလက်မှတ်တွေနဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံစာအုပ်တွေ ဖြစ်တဲ့ စီအိုင် စာအုပ်တွေကို အလုပ်ရှင်ဘက်က ပြန်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“ ပထမဦးဆုံး နေထိုင်ခွင့် အထောက်အထားတွေ သိမ်းထားတယ်။ တနေ့ကို အလုပ်ချိန် ၁၀ နာရီ ခိုင်းထားတာကို အလုပ်သမားတွေကို လုပ်အားခ အပြည့်မပေးဘူး။ စီအိုင်စာအုပ်တွေနဲ့ MOU စာအုပ်တွေကို ပြန်ပေးတယ်။ သူဌေး သိမ်းထားတာတွေ။ သူဌေးကို သူ့ကို ခေါ်ဆွေးနွေးတော့ သူက မှားတာဝန်ခံတယ်။ တနှစ်ကို အလုပ်ပိတ်ရက် ၁၃ ရက် မပေးတာလည်း ဝန်ခံတယ်။ အလုပ်သမားတွေကို အချိန်အများကြီး ခိုင်းတာလည်း ဝန်ခံတယ်။ အလုပ်သမားတွေ ခြိမ်းခြောက်တာတော့ မဟုတ်ပါဘူးလို့ငြင်းတယ်။ တယောက်က ဒဏ်ရာ၇တယ် ဆိုတော့ အလုပ်သမားတဦးက ထပြောတယ်။ ဒဏ်ရာရတာ ပုလိပ်တွေပါ သက်သေရှိတယ်လို့တော့ ထပြောလိုက်တယ်။ ”

အဲဒီ စက်ရုံမှာ ထိုင်းဥပဒေပါ အလုပ်ပိတ်ရက်တွေမှာ အလုပ်ခိုင်းစေတာတွေ ရှိနေပြီး ကျန်းမာရေး ခွင့်ယူတဲ့ အလုပ်သမားတွေကို နေစားခ ဖြတ်တောက်တာတွေ လုပ်ခဲ့တယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။ လက်ရှိမှာတော့ သူတို့ကို အချိန်ပို ခိုင်းစေထားတဲ့ အတွက် လုပ်အားခ နစ်နာမူတွေရဖို့ အတွက် ဥပဒေအတိုင်း တရားစွဲဆိုမူတွေ လုပ်သွားမယ်လို့လည်း အလုပ်သမားတွေဘက်ကတော့ ဆိုပါတယ်။”

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃ သန်းထက်မနည်း ရှိပြီး တရားဝင်လာတဲ့ အလုပ်သမားတွေကတော့ ထိုင်နိုင်ငံရဲ့ ဥပဒေပါ အခွင့်ရေးတွေရဖို့ အတွက် တောင်းဆိုခဲ့ကြတာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ အလုပ်သမား ကာကွယ်ရေး ရုံးတွေ အလုပ်ရှင် အလုပ်သမား ဖြန်ဖြေရေးရုံးတွေကနေ အလုပ်သမားတွေ နစ်နာမူတွေ အတွက် ဖြေရှင်းပေးသွားမယ်လိုလည်း သိရပါတယ်။

Your browser doesn’t support HTML5

မြန်မာရွှေ့ပြောင်းလုပ်သားတချို့ ပြဿနာ ထိုင်းစစ်တပ်ကူညီဖြေရှင်း