ထိုင်းနိုင်ငံမှာ မိုးခေါင်ရေရှားဖြစ်လာတာကြောင့် စီးပွားရေးထိခိုက်ပြီး ဆင်းရဲမှု မြင့်တက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောနေပါတယ်။ ထိုင်းနိုင်ငံထဲ စံချိန်တင် အပူချိန်မြင့်တက်တာ၊ မိုးရေချိန်နည်းတာနဲ့ သဘာဝရာသီဥတု ပြောင်းလာတာတွေကြောင့် အခုလို ထိခိုက်မှုရှိလာနိုင်တာလို့ ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူတွေက ထောက်ပြလိုက်တာပါ။
ဘန်ကောက်မြို့က မိုးလေဝသပညာရှင် Chaowat Siwapornchai က "ထိုင်းနိုင်ငံအလယ်ပိုင်းမှာ ပြီးခဲ့တဲ လတချို့မှာ မိုးရွာသွန်းမှု နည်းသွားခဲ့တယ်၊ ပုံမှန် ဧပြီလက အပူဆုံးပဲ၊ ဒါပေမဲ့ မိုးလေဝသဌာန ထုတ်ပြန်တဲ့အတိုင်း ဒီနှစ် ဇူလိုင်က သမိုင်းမှာ အပူဆုံး ဇူလိုင် ဖြစ်သွားခဲ့ရတယ်" - လို့ ပြောလိုက်ပါတယ်။ ဒီနှစ်ထဲ မိုးရေချိန်ကလည်း ဇူလိုင် ၂၇ ရက်အထိ တစ်နိုင်ငံလုံးမှာ ၂၅% အထိ ကျဆင်းသွားတယ်လို့ ထိုင်းမိုးလေးဝသဌာနက ထုတ်ပြန်ထားပါသေးတယ်။
ထိုင်းနိုင်ငံမှာ အယ်နီညိုရာသီဖြစ်လာတာကြောင့် အခုလို မိုးခေါင်ရေရှားဖြစ်လာရပြီး အဓိက စိုက်ပျိုးသီးနှံတွေအတွက် လိုအပ်တဲ့ စိုက်မြေတွေက အခု ခြောက်သွေ့ကုန်ပြီလို့ ဒီကျွမ်းကျင်သူတွေက ဆက်ထောက်ပြကြပါတယ်။ ဒါကြောင့်မို့ ရေလိုအပ်မှုများတဲ့ သီးနှံတွေ စတင် မစိုက်ရသေးတဲ့ တောင်သူတွေအနေနဲ့ ရေလိုအပ်မှုနည်းတဲ့ သီးနှံတွေမျိုး အစားထိုးပြောင်းစိုက်ကြဖို့ကိုလည်း မိုးလေဝသဌာနက အမိန့်ထုတ်ထားပါတယ်။
ဒါ့အပြင် ရေရှည်မှာလည်း အခု ဒီနှစ်အယ်နီညိုနဲ့ပေါင်းပြီး အပူချိန်မြင့်တက်တာတဲ့ဖြစ်စဉ် ဆက်ဖြစ်နိုင်ပြီး၊ ဒီနှစ်ကုန်အထိ ဒီအယ်နီညို ဆက်ဖြစ်နိုင်ခြေ ၉၀% ရှိသလို၊ နောက်ထပ် ၅ နှစ်လည်း ဆက်ဖြစ်ဖို့ သေချာသလောက်ရှိနေတယ်လို့ ထိုင်းမိုးလေဝသဌနာက ခန့်မှန်းထားပါတယ်။ ဒီအပူချိန်မြင့်တက်တဲ့ဒဏ်ကို ထိုင်းနိုင်ငံက အခု စံချိန်တင် ပြင်းပြင်းထန်ထန် ခံစားနေရသလို၊ တခြား အရှေ့တောင်အာရှနိုင်ငံတွေမှာတော့ ဒီနှစ်အစောပိုင်းတုံးက အလားတူ စံချိန်တင်အပူချိန်တွေ ခံစားခဲ့ရတယ်လို့ မိုးလေဝသပညာရှင်တွေက ဆက်ပြောခဲ့ပါတယ်။
Your browser doesn’t support HTML5