အာဏာ အလွဲသုံးစားမှုနဲ့ တရားစွဲဆို ခံထားရတဲ့ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra ရဲ့ အပြီးသတ် လျှောက်လဲချက်ကို ဘန်ကောက်မြို့ နိုင်ငံတော် တရားရုံးချုပ်မှာ မနေ့က တင်ပြခဲ့ပါတယ်။
တရားရုံးချုပ ်အပြင်ဖက်မှာတော့ Ms. Yingluck ကို ထောက်ခံ အားပေးသူတွေ အပြည့်လာပြီး အားပေး ခဲ့ကြပါတယ်။ တရားရုံးက သူ့ကို ပြစ်မှုထင် ရှားတယ်လို့ ဆုံးဖြတ်ရင် ထောင်ဒဏ် ၁၀ နှစ် ကျခံရဖို့ ရှိနေတာပါ။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြ မှာပါ။
ကြားခဲ့ရတာက ဘန်ကောက်မြို့တော်က နိုင်ငံတော် တရားရုံးချုပ်ကို အပြီးသတ် လျှောက်လဲချက် တင်ပြဖို့ ရောက်လာတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra ကိုထောက်ခံသူတွေ တထောင်ကျော်က လာပြီး အားပေးနေကြတဲ့အသံ တွေပါ။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေလည်း ၃ ရာလောက် ချထားရတာပါ။
Ms. Yingluck ကတော့ အခု သူစွဲဆိုခံထားရတဲ့ အမှုနဲ့ ပတ်သက်ပြီး မရိုးမသား လုပ်ခဲ့တာမရှိဘူး။ နိုင်ငံရေးအရ သူအဖိနှိပ်ခံခဲ့ရတယ်လို့တရားရုံးကို ဝမ်းပမ်းတနည်း ပြောဆိုခဲ့ ပါတယ်။ တရားရုံးထဲကို မဝင်ခင်မှာတော့ သတင်းမီဒီယာတွေရဲ့ မေးမြန်းချက်တွေကို Ms. Yingluck အခုလို ပြန်ဖြေခဲ့ပါတယ်။
“ တရားရုံးချုပ်ကို ကျမရဲ့ ရှင်းလင်း ချက်တခု တင်ပြသွားဖို့ ရှိပြီး စာရွက်စာတမ်း အထောက်အထား တွေလည်း တင်ပြသွား မှာပါ။ ကျမကို စီရင်ချက်မှားပြီး ချလိမ့်မယ်လို့ မယုံကြည်ပါဘူး။ ဆန်စပါး ဝယ်ယူခဲ့တဲ့ အစီအစဉ်က ကောင်းမွန်တဲ့ မူဝါဒ တခုပါ။ တောင်သူ လယ်သမားတွေ အတွက် အကျိုးအမြတ်ရှိစေမယ့် အစီအစဉ်ဖြစ်လို့ပါပဲ။ စာရင်းစစ်ချုပ်ရုံးက စွပ်စွဲ ထားသလို ကျမကျူး လွန်ခဲ့တာ တခုမှ မရှိပါဘူး။ ”
ထိုင်းဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra အာဏာရ အုပ်ချုပ်ခဲ့စဉ်တုန်းက တောင်သူ လယ်သမားတွေ ဆီကနေ အစိုးရ အထောက်အပံ့နဲ့ဆန်စပါးဝယ် ယူခဲ့မှု အစီအစဉ်တခု ရှိခဲ့ပြီး ဒီအစီအစဉ်မှာ အမေရိကန်ဒေါ်လာ ၈ ဘီလီယံ အရှုံးပေါ် ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က Ms. Yingluck ကို အာဏာ အလွဲသုံးစား လုပ်မှုနဲ့ စွပ်စွဲခဲ့တာပါ။ Ms. Yingluckရဲ့ ပါတီကို အဓိက ထောက်ခံအားပေးတဲ့ သူတွေက တောင်သူလယ် သမားတွေပါ။ တရားရုံးချုပ် အပြင်က သူ့ကို ထောက်ခံသူ တဦးကတော့ Mis Yingluck သာ အာဏာ ရှိနေရင် စီးပွါးရေး အခြေအနေတွေ သူတို့အတွက် ကောင်းနေမှာလို့ ဆိုပါတယ်။
“ Ms. Yingluckသာ ဝန်ကြီးချုပ် ဖြစ်နေခဲ့မယ် ဆိုရင် ကျမတို့တွေ ဒီနေ့ဒီနေရာကို ရောက်လာမှာ မဟုတ်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ ကျမတို့မှာ အလုပ်အကိုင် တွေ ရှိနေမှာမို့လို့ ပါပဲ။ ဒါပေမယ့် အခုတော့ ကျမတို့ အားလုံးလိုလို အလုပ် လက်မဲ့ ဖြစ်နေပါပြီ။ စီးပွါးရေးက မကောင်းပါဘူး။ ”
ဆန်စပါးဝယ်ယူမှုမှာ အရှုံးပေါ်ခဲ့တဲ့ ငွေကြေးတွေကို အလျော်ပြန်ရနိုင်အောင် Ms. Yingluck ရဲ့ ဘဏ်စာရင်းတွေနဲ့ဒါဇင်နဲ့ချီတဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေ အပါ အဝင် သူ့ရဲ့တခြား ပိုင်ဆိုင်မှုတွေကို အစိုးရ အမိန့်နဲ့ ချိတ်ပိတ်ထားတယ်လို့ပြီးခဲ့တဲ့ အပတ်က အစိုးရက ပြောပါတယ်။ အခုလာမယ့် သြဂုတ်လ ၂၅ ရက်နေ့ ကျရင် တရားရုံးက Ms. Yingluck ရဲ့ အမှုကို အဆုံးအဖြတ် ပေးမှာပါ။ တကယ်လို့သူ့မှာ အပြစ်ရှိတယ်လို့ တရားရုံးက စီရင်ချက်ချခဲ့ရင် Ms. Yingluck ထောင်ဒဏ် ၁၀ နှစ် ကျခံရဖို့ ရှိနေပါတယ်။
နိုင်ငံတော်တာဝန် ထမ်းဆောင်ရေးမှာ သူ့အနေနဲ့ ဘယ်တုန်းကမှ မပျက်ကွက်ခဲ့ဘူး။ မရိုးမသားလည်း တခါမှ မလုပ်ခဲ့ဖူးဘူး။ သူဟာ နိုင်ငံရေး ကစားကွက်ထဲက သားကောင် တကောင်ဖြစ်ခဲ့ ရတယ်လို့Ms. Yingluck က တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။