ဒီမိုကရေစီနဲ့ စစ်အုပ်ချုပ်ရေးတို့အားပြိုင်တဲ့ ထိုင်းရွေးကောက်ပွဲ

  • ဇော်ဝင်းလှိုင်

ထိုင်းရွေးကောက်ပွဲ (မေ ၁၄၊ ၂၀၂၃)

မေလ ၁၄ ရက်၊ မနေ့ တနင်္ဂနွေနေ့မှာ ကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲမှာ လက်ရှိအချိန်အထိ မဲရေတွက်ပြီးသမျှ အတိုက်အခံပါတီကြီး ၂ ခုဖြစ်တဲ့ Move Forward နဲ့ ဖုရထိုင်း (Pheu Thai) ပါတီတို့က အပြတ်အသတ် အသာစီးရနေပါတယ်။ ထိုင်းနိုင်ငံသားခံယူထားပြီး မဲပေးခဲ့ကြတဲ့ မြန်မာနွယ်ဖွားတချို့ကလည်း ထိုင်းမှာ အစိုးရပြောင်းလဲပြီး မြန်မာ့ ဒီမိုကရေစီရေးအတွက်ပါ အထောက်အကူပြုစေမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အတိုက်အခံပါတီတွေကို မဲပေးခဲ့ကြတယ်လို့ ပြောပါတယ်။ Move Forward ပါတီ ခေါင်းဆောင်ကတော့ ၆ ပါတီ ညွန့်ပေါင်းအစိုးရ ဖွဲ့သွားမယ်လို့ ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ ဒါပေမယ့် စစ်ဦးစီးချုပ်တဖြစ်လဲ ဝန်ကြီးချုပ် Prayut Chan-o-cha နဲ့ သူ့ကို ထောက်ခံနေတဲ့ ထိုင်းစစ်တပ်က အလွယ်တကူ အာဏာကို လက်လွှတ်လိုက်မလားဆိုတဲ့အပေါ်တော့ မေးခွန်း ထုတ်နေကြဆဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ရွေးကောက်ပွဲ နောက်ဆုံးအခြေအနေတွေကို ဘန်ကောက်မြို့ကနေ ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။

မနေ့ကကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံ အောက်လွှတ်တော် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၅၂ သန်းရဲ့ ၈၀% က မဲပေးခဲ့ကြတယ်လို့ ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ခန့်မှန်းထားပါတယ်။ ဒါဟာ အရင်ရွေးကောက်ပွဲတွေထက်စာရင် မဲပေးသူဦးရေ သိသိသာသာ တိုးလာတာလည်း ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အာဏာသိမ်းစစ်ခေါင်းဆောင်တဖြစ်လဲ ဝန်ကြီးချုပ် Prayut Chan-o-cha နဲ့ စစ်အုပ်စု လွှမ်းမိုးမှုကနေ ပြောင်းလဲပြီး အနှစ်သာရပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို ပြောင်းလဲ ဖော်ဆောင်မယ်ဆိုတဲ့ ယူဆမှုနဲ့ ထိုင်းလူငယ်တွေအကြား နိုင်ငံရေးနိုးကြားမှု အရှိန်မြင့်လာပြီး မဲပေးသူအရေအတွက် တိုးလာတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံသား မိဘတွေကနေ ထိုင်းနိုင်ငံမှာ မွေးဖွား၊ ကြီးပြင်းလာတဲ့ ကိုတိုနီဟာ ထိုင်းနဲ့ မြန်မာပြည်အကြား စီးပွားလုပ်ကိုင်နေသူတဦး ဖြစ်ပါတယ်။ သူကလည်း ဒီနှစ်မှာ လူငယ်တွေအကြား နိုင်ငံရေးပိုပြီး နိုးကြားလာတာကို သတိထားမိတယ်လို့ ပြောပါတယ်။

“ဒီတခေါက် နဲနဲထူးခြားတာက ဘာရှိသလဲဆိုတော့ ကျနော်တို့ ဒီ… လူငယ်တွေပိုပြီးတော့မှ များတယ်လို့ တွေ့ရတယ်ပေါ့နော်။ တချို့ဆိုလို့ရှိရင် နယ်မှာနေကြတယ်။ ကျနော်လည်း နယ်ကလူဘဲလေ။ မနေ့ကတညလုံး ကားစီးပြီးမှပြန်လာပြီးတော့မှ၊ ကားပေါ်မှာလည်း တွေ့တဲ့လူနဲ့ စကားပြောဖြစ်တယ်။ သူတို့လည်းပြန်လာပြီးတော့မှ ကိုယ့်တာဝန်ကိုယ် ကျေအောင်လုပ်တယ်ဆိုတော့ ဟို…. အရင်လို မဟုတ်တော့ဘဲ၊ လူကြီးတွေချည်းဘဲ မဟုတ်တော့ဘူးဗျာ၊ လူငယ်ပိုင်းပါ ပိုပြီးတော့မှ များတယ်ဆိုတာ တွေ့ရတယ်။ အဲဒီတခုကတော့ ထူးခြားတာပေါ့ဗျ။”

လူငယ်အများစုက စစ်တပ်နဲ့ပတ်သက်နဲ့သူတွေ ဆက်ပြီးအုပ်ချုပ်တာကို မလိုလားကြတော့ဘူးလို့ သူက ပြောပါတယ်။ သူ့အနေနဲ့ ထိုင်းနိုင်ငံသားဖြစ်နေပေမယ့် မိဘတွေက မြန်မာနိုင်ငံဖြစ်နေတာအပြင် သူကိုယ်တိုင်ကလည်း လက်ရှိမှာ မြန်မာပြည်နဲ့ ဆက်စပ်ပြီး စီးပွားလုပ်ကိုင်နေတာကြောင့် ထိုင်းနိုင်ငံနည်းတူ မြန်မာပြည်မှာလည်း ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေချင်တယ်လို့ သူက ပြောပါတယ်။

“ကျနော်က မြန်မာတွေနဲ့ဘဲ တောက်လျှောက်အလုပ်တွဲလုပ်တဲ့အခါကျတော့ အခု ထိုင်းနိုင်ငံမှာလိုဘဲ တကယ့် ဒီမိုကရေစီ အနှစ်သာရကို ခံစားပြီးတော့မှ မြန်မာပြည်ကြီးကိုလည်း ကျနော်က အဲဒီလိုမျိုး ဖြစ်စေချင်တာလေ။ အခု ခံစားချက်ကတော့ လုံးဝ ပြောင်းလဲစေချင်တာ၊ လူ့အခွင့်အရေး အပြည့်အဝ ခံစားစေချင်တယ်။ အပေါ်ယံမဟုတ်တော့ဘဲနဲ့လေ၊ တခုခုလုပ်လို့ရှိရင်လည်း ဒီဥပဒေနဲ့ညှိတယ်၊ ဟိုဟာနဲ့ ညှိတယ် ဆိုတဲ့ဟာမျိုး မဖြစ်စေချင်ဘူးဗျာ၊ အဲဒါမျိုးဆိုတော့ နှစ်ဘက်စလုံးပေါ့၊ အဆင်ပြေတဲ့ဟာလိုချင်တယ်။ တိုက်ရိုက် အထောက်အကူ မပြုရင်တောင်မှ ကျနော်က တခြားနည်းလမ်းနဲ့ အကျိုးပြုမယ်လို့ ကျနော် မျှော်လင့်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အိမ်နီးချင်းနိုင်ငံဆိုတော့ တခုခုတော့ ထူးခြားမှုတော့ ရှိမယ်လို့ ကျနော်မျှော်လင့်တယ်။ ကျနော်သိထားတာကကျတော့ စစ်သားဆိုတာကတော့ နိုင်ငံတော်ကာကွယ်ဖို့ဘဲ။ ပြည်သူ့ရဲ့အာဏာကိုလုပြီးတော့ ပြည်သူအပေါ်မှာ ပြန်ပြီးတော့မှ နှိပ်စက်ဖို့မဟုတ်ဘူးဗျာ။ ကျနော်တို့ ထိုင်းနိုင်ငံမှာဆိုရင်လည်း အခု စစ်အာဏာသိမ်းထားတဲ့ဟာလည်း Move Forward ပါတီနိုင်ပြီးတော့ အစိုးရသစ် ဖွဲ့နိုင်မယ်ဆိုရင်လည်း ဒီအပိုင်းမှာလည်း ပြောင်းလဲမှုတော့ အများကြီးမဟုတ်ရင်တောင် ကျနော်ထင်တာတော့ ၇၀% တော့ ကောင်းလာမယ်လို့တော့ မျှော်လင့်တယ်ဗျ။”

အထက်လွှတ်တော် အမတ်နေရာ ၂၅၀ စလုံးကို လက်ရှိ ဝန်ကြီးချုပ် Prayut Chan-o-cha က စိတ်ကြိုက်ရွေး ခန့်ထားတာကြောင့် အစိုးရဖွဲ့နိုင်ရေး အမတ်နေရာ ၃၇၆ နေရာ ပြည့်ဖို့ အမတ် ၂၅၀ ကြိုရထားသလို ဖြစ်နေပေမယ့် ပြည်သူလူထုရဲ့ ဒီမိုကရေစီနဲ့ ပြောင်းလဲမှုအပေါ် လိုလားချက်က ပြင်းပြလွန်းတာကြောင့် ဒီတကြိမ်တော့ အနိုင်ရမယ်လို့ ယူဆကြောင်း ကိုတိုနီက ပြောပါတယ်။ ဒါပေမယ့် အတိုက်အခံဘက် ပါတီငယ်တွေစုပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်တဲ့အဆင့် ရောက်လာရင်တောင် လက်ရှိဝန်ကြီးချုပ်နဲ့ သူ့ကို ထောက်ခံနေတဲ့ ထိုင်းစစ်တပ်က အာဏာကို အလွယ်တကူနဲ့ လက်လွတ်ပေးလိုက်မလားဆိုတာ စိုးရိမ်မိကြောင်းလည်း ကိုတိုနီက ပြောပါတယ်။

ဘန်ကောက်မြို့မှာနေပြီး ထိုင်းနိုင်ငံသား ခံယူထားတဲ့ နောက်ထပ် မြန်မာနွယ်ဖွားတဦးကလည်း သူ့အနေနဲ့ ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲမှာ မဲထည့်တယ်ဆိုတာ သူလက်ရှိရောက်နေတဲ့ ထိုင်းနိုင်ငံတခုထဲအတွက်မဟုတ်ဘဲ ဇာတိ မြန်မာပြည်မှာ ပြောင်းလဲမှုဖြစ်လာရေး အထောက်အကူ ပြုစေမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ထည့်ခဲ့တာလို့ ပြောပါတယ်။

“ကျနော်တို့ ဒီတခါ မဲထည့်တယ်ဆိုတာ၊ မဲတခုထဲထည့်တာ နှစ်နိုင်ငံစလုံးရတဲ့သဘောမျိုးပေါ့ဗျာ။ ဒီ ခေတ်သစ် ကောက်ကလိုင် (Move Forward) ပါတီကိုထည့်ရတဲ့ ကျနော့် ရည်ရွယ်ချက်က နှစ်နိုင်ငံအတွက် တိုးတက်သွားမယ့်ပုံစံမျိုးနဲ့ ကျနော်ထည့်တာပါ။ ဒီမိုကရေစီလမ်းကြောင်း ပုံစံမျိုးပေါ့ဗျာ။ အခု ဒီ သူတို့ပါတီကလည်း ဒီမိုကရေစီ လမ်းကြောင်းပါတီဆိုတော့ ကျနော့်ရဲ့ ဒီမဲတမဲထဲကနေ နှစ်နိုင်ငံစလုံးက ပြည်သူတွေရတဲ့ ပုံစံမျိုးပေါ့ဗျာ။ ဆိုလိုတာက ဒီပါတီတက်ရင် ကျနော်တို့နိုင်ငံအတွက်လည်း စားဝတ်နေရေး အခြေအနေ၊ ပညာရေးအခြေအနေလည်း သူတို့ကောင်းမယ်၊ ကျနော်တို့လည်းကောင်းမယ်လို့ အဲဒါတော့ ရည်မှန်းထားတာပေါ့ဗျာ။ အဲ နောက်ပြီးတော့မှ အလုပ်သမားတွေအတွက်ပေါ့ဗျာ၊ ဒီမှာရောက်လာတဲ့လူတွေကို လူမှုရေးအတွက် သူတို့ ဂရုစိုက်ပေးတာပေါ့ဗျာ။”

Move Forward ပါတီက ဒီမိုကရေစီ၊ လူ့အခွင့်အရေးတို့အပြင် တခြား ပညာရေး၊ စီးပွားရေး ကိစ္စတွေမှာ အနာဂတ်လူငယ်တွေအတွက် ပိုပြီး ထိရောက် အကျိုးရှိစေမယ့် ပေါ်လစီတွေရှိတဲ့အတွက် သူ့အနေနဲ့ အဲဒီပါတီကို မဲထည့်ခဲ့တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံရေးမှာ ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်မယ်လို့ ကြွေးကြော်ပြီး မျိုးဆက်သစ်တွေကြိုက်တဲ့ လူငယ်ခေါင်းဆောင် ဖီထာ လဲမ်ချာရွန်ရတ် (Pita Limjaroenrat) ဦးဆောင်တဲ့ Move Forward ပါတီက ရွေးကောက်ပွဲရက်နီးလာတာနဲ့အမျှ လူကြိုက် ပိုများလာပြီး ဒီကနေ့ ကနဦးရထားတဲ့ အနိုင်ရ အမတ်ဦးရေစာရင်းမှာ အားလုံးရဲ့ရှေ့ကနေ ဦးဆောင်နေတာပါ။

ဒါကြောင့်လည်း Move Forward ပါတီခေါင်းဆောင် ဖီထာက သူဦးဆောင်ပြီး ၆ ပါတီ ညွန့်ပေါင်းအစိုးရဖွဲ့မယ်လို့ ရွေးကောက်ပွဲအပြီး ဒီကနေ့ ပထမဆုံးအကြိမ် လူထုရှေ့မှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ညွန့်ပေါင်းအစိုးရမှာပါမယ့် တခြား ၅ ပါတီကတော့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီး ဦးဆောင်တဲ့ Pheu Thai ပါတီ၊ Prachachat ပါတီ၊ Pheu Thai ပါတီက ခွဲထွက်သွားတဲ့ Thai Sang Thai ပါတီနဲ့ ထိုင်းလစ်ဘရယ်ပါတီ (TLP) လို့ လူသိများတဲ့ Seri Ruam Thai ပါတီတို့ ဖြစ်ကြပါတယ်။

လက်ရှိ မဲရလဒ်တွေအရ လက်ရှိဝန်ကြီးချုပ်နဲ့ သူ့ရဲ့မဟာမိတ်ပါတီတွေကတော့ အနောက်မှာ သိသိသာသာ ပြတ်ကျန်နေခဲ့တာကို တွေ့ရပါတယ်။ အစိုးရဖွဲ့လောက်တဲ့အထိ သူ့ပါတီအနိုင်မရရင် နိုင်ငံရေးက အနားယူမယ်လို့ ဝန်ကြီး Prayut က မနေ့ ရွေးကောက်ပွဲနေ့ညမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

လောလောဆယ်တော့ ထိုင်းမီဒီယာတွေနဲ့ လူမှုကွန်ယက်တွေမှာ ဒီရွေးကောက်ပွဲရလဒ်ဟာ ထိုင်းနိုင်ငံရေးတခုလုံးကို ကြီးမားတဲ့ ပြောင်းလဲမှု ဖြစ်ပေါ်စေခဲ့ပြီး ခေတ်သစ်ကိုကြိုဆိုလိုက်တာ ဖြစ်တယ်လို့ ရေးသား ပြောဆိုနေကြပါတယ်။

ဘာပဲဖြစ်ဖြစ် အခုကျင်းပလိုက်တဲ့ ၂၀၂၃ ရွေးကောက်ပွဲက ထိုင်းပြည်သူတွေအကြား နိုင်ငံရေးနိုးကြားမှု ပိုရှိလာစေသလို ခေတ်အဆက်ဆက် စစ်တပ်က အာဏာသိမ်းပြီး တိုင်းပြည်ကို အုပ်ချုပ်လာတဲ့စနစ်ကို ပြည်သူအများစုက မလိုလားကြောင်း ဒီရွေးကောက်ပွဲ မဲရလဒ်တွေက ပြသနေတာလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဒီမိုကရေစီနဲ့ စစ်အုပ်ချုပ်ရေးတို့အားပြိုင်တဲ့ ထိုင်းရွေးကောက်ပွဲ