ထိုင်းဝန်ကြီးချုပ်သစ် ရွေးချယ်ပွဲ အောင်မြင်မှုမရဘဲ အဆုံးသတ်

လွှတ်တော်တွင်းဆွေးနွေးနေတဲ့ Move Forward ပါတီ ခေါင်းဆောင် Pita Limjaroenrat (ဇူလိုင် ၁၃၊ ၂၀၂၃)

ထိုင်းနိုင်ငံ ရွေးကောက်ပွဲ လွှတ်တော်အမတ်နေရာ အများဆုံး အနိုင်ရထားတဲ့ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ရေး ဒီနေ့ ပါလီမန်မှာ မဲခွဲကြပေမဲ့ လိုအပ်တဲ့ ထောက်ခံမဲ အပြည့်အဝမရခဲ့ပါဘူး။ ရှေ့သီတင်းပတ်မှာ ဝန်ကြီးချုပ်သစ်ရွေးချယ်ရေး ထိုင်းပါလီမန်မှာ ထပ်မံမဲခွဲနိုင်ပြီး Pita Limjaroenrat အနေနဲ့ သူ့ကို ထပ်ပြီး အဆိုပြုမယ်ဆိုရင် ထပ်မံ ယှဉ်ပြိုင်နိုင်တယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။

ဝန်ကြီးချုပ်သစ်မရွေးခင် တရက်အလို မနေ့ကပဲ Pita Limjaroenrat ကို လွှတ်တော်အမတ်အဖြစ်ကနေ ဆိုင်းငံ့ထားဖို့ ထိုင်း ရွေးကောက်ပွဲ ကော်မရှင်က ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးကို အဆိုပြုခဲ့ပါတယ်။ Pita ဟာ မီဒီယာကုမ္ပဏီတခုမှာ အစုရှယ်ယာတွေ ပိုင်ဆိုင်ထားတဲ့အတွက် ရွေးကောက်ပွဲ စည်းကမ်းကို ဖောက်ဖျက်ရာ ရောက်တာကြောင့် ရွေးကောက်ပွဲမှာ ပါဝင်ဖို့ အရည်အချင်း မပြည့်မှီဘူးဆိုပြီး တိုင်ကြားခံထားရသလို ဒီတိုင်ကြားချက်တွေဟာ ကျိုးကြောင်းဆီလျော်တယ်လို့ ကော်မရှင်က အဆိုပြုခဲ့တာပါ။ ကော်မရှင်ရဲ့ အဆိုပြုချက်ဟာ ဝန်ကြီးချုပ်လောင်းအဖြစ် ရှေ့ကပြေးနေတဲ့ Pita Limjaroenrat ရဲ့ နိုင်ငံရေးအနာဂတ်အပေါ် အကြီးအကျယ် ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။ ထိုင်းအောက်လွှတ်တော် အမတ်နေရာ ၅၀၀ မှာ ၁၅၁ နေရာ အနိုင်ရထားတဲ့ Move Forward ပါတီ အနေနဲ့ တခြား နိုင်ငံရေးပါတီ ၈ ခုနဲ့ အတူ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းဖို့ ပြင်ဆင်ထားပါတယ်။

ပါတီခေါင်းဆောင် Pita Limjaroenrat ဟာ ထိုင်းဘုရင်စနစ်ကို အကာအကွယ်ပေးထားတဲ့ ဥပဒေကို ပြင်ဖို့ လုပ်နေသလို ထိုင်း ဒီမိုကရေစီစနစ်ကို ဖျက်လို့ ဖျက်ဆီး လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တိုင်ကြားတာတွေလည်း ခံနေရပါတယ်။ Pita ကတော့ သူ့အပေါ် ပြည်သူက ပေးထားတဲ့ မျှော်လင့်ချက်နဲ့ ထောက်ခံမှုတွေကို အကောင်အထည်ဖေါ်နိုင်အောင် အကောင်းဆုံး လုပ်ဆောင်သွားမယ်ဆိုပြီး ဒီနေ့ ပြောဆိုပါတယ်။

Your browser doesn’t support HTML5

ထိုင်းဝန်ကြီးချုပ်သစ် ရွေးချယ်ပွဲ အောင်မြင်မှုမရဘဲ အဆုံးသတ်