ထိုင်းနယ်စပ် ဒုက္ခသည်စခန်းများ ရိက္ခာအခက်အခဲကြုံ

ထိုင်းနယ်စပ် ဒုက္ခသည်များ

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရဆဲဖြစ်တဲ့ ဒုက္ခသည် ထောင်ပေါင်းများစွာဟာ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာပြီးတဲ့နောက် နိုင်ငံတကာက အာရုံစိုက်မှု လျော့နည်းလာတဲ့အတွက် အကူအညီပေးတာတွေ ကျဆင်း ပြီး စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရပါတယ်။ သူတို့တွေ နေရပ်ရင်းပြန်ရေး မရေမရာဖြစ်နေဆဲရှိသလို အထောက်အပံ့တွေ ဆက်ရမယ့်အလားအလာကလည်း မှုန်ဝါးနေပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရအသစ်က အပြောင်းအလဲတွေလုပ်မယ်ဆိုပြီး ကြွေးကြော်ခဲ့ပေမဲ့ ၂၀၁၉ခုနှစ်အထိ ဒုက္ခသည်တွေ နေရပ် ပြန်နိုင်ရေး ပြန်လည်နေရချရေး ကိစ္စတွေဟာမရေရာ ဖြစ်နေဆဲပဲ ရှိနေသေးကြောင်း ကရင်ဒုက္ခသည်ကော်မတီဥက္ကဌ ဦးရောဘတ်ထွေးကပြောပါတယ်။

"ပြန်ဖို့ အရေးကတေ့ာ မရေရာဘူး ပြန်ချင်တဲ့သူကတော့အများကြီးရှိတယ်။ ပြဿနာကတော့ ပြောမယ်ဆိုရင် ဟိုဘက်မှာ ဘာမှမရှိတော့ မပြန်ရဲသေးဘူး။ ဥပမာ တနှစ်လောက် ထောက်ပံ့တာမျိုးရှိရင်တော့ ပြန်ချင်တာတော့ရှိတာပေါ့။ UNHCR က ပြောတော့ပြောတာပဲ ပြန်မယ့်သူကတော့ အခုထိ သတင်းမကြားသေးဘူး။

ဒုက္ခသည်တွေအနေနဲ့ နေရပ်ရင်ကို မိမိဆန္ဒအလျောက်ပြန်နိုင်ဖို့ အတွက် UNHCR ကတော့ ဒုက္ခသည်စခန်းတိုင်းမှာ ဌာနေပြန်သွားနိုင်ရေး အကျိုးဆောင်ဌာနတွေကို ဖွင့်လှစ်ထားတာဖြစ်ပြီး ဒုက္ခသည်တွေဘက်က စာရင်းပေးသွင်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဒုက္ခသည်အများစုကတော့ သူတို့ဘဝအတွက် ခိုင်လုံတဲ့ အာမခံချက်ရှိတဲ့ အစီစဉ်တွေ မရှိပဲနဲ့ နေရပ်ရင်းပြန်နိုင်ဖို့က အခက်အခဲရှိနေတယ်လို့လည်း ဒုက္ခသည်တွေဘက်ကပြောဆိုခဲ့တာပါ။

ထိုင်းအစိုးရဘက်က နေရပ်ပြန်ပို့မယ် ဆိုတဲ့သတင်းတွေကြားရတာတွေ ရှိပေမယ့် အခုတလောမှာတော့ အတင်းအကြပ်ပြန်ပို့မယ့် အခြေအနေမျိုးတွေတော့မတွေ့ရသေးဘူးလို့လည်းဆိုပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေရဲ့ စာဝတ်နေရေးရပ်တည်ရေး ကိစ္စတွေဟာအကူညီတွေ လျော့ပါးလာတဲ့အတွက် အခက်အခဲတွေကြုံနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

"ဒါတော့ ပိုလျော့လာတယ်။ ဆန်တွေဘာတွေ လျော့တယ်။ စားနပ်ရိက္ခာကတော့ TBBC ပဲရှိတယ်။ ကျန်တဲ့ အန်ဂျီအိုကတော့ ဆေးဘက်မှာ တချို့က ကတော့ပညာရေး နဲ့ ကျန်းမာရေးဘက်မှာ အနည်းငယ်ရှိတယ်။ ဒါပေမယ့် အပြည့်အဝတော့ အရင်တုန်းကလို မရှိသေးဘူး။"

ဒုက္ခသည်စခန်းထဲမှာ နေကြတဲ့ကလေးတွေ ကတော့ ဒုက္ခသည်စခန်းက ဖွင့်ထားတဲ့ကျောင်းတွေမှာတက်ပြီး သူတို့ ပညာရေးအတွက်တိုးတက်ရာ တိုးတက်ကြောင်းတွေကို ဆက်လက်ရှာဖွေဖို့ အခက်အခဲတွေ ရှိနေတာပါ။

အလုပ်အကိုင်တွေလည်း တရားဝင်လုပ်လို့ မရတာကြောင့် တရားမဝင်တဲ့နည်းနဲ့ ခိုးထွက်ပြီး ဒုက္ခသည်စခန်းအနီးအနားက စိုက်ခင်းတွေမှာ နေ့စားအလုပ်သမားတွေအဖြစ်သွားလုပ်ကြပြီး သူတို့ရဲ့ဝမ်းစာရေးကို ဖြေရှင်းနေကြရပါတယ်။ ရေရှည်မှာတော့ သူတို့ဘဝရပ်တည်ရေးက ပိုပြီး ခက်ခဲလာတယ်လို့ဆိုပါတယ်။ လက်ရှိမှာတောာ့ နှစ်နိုင်ငံအစိုးရတွေက ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ဆွေးနွေးပြောဆိုတာတွေ မကြားသိရဘူးလို့လည်းဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်း ၉ခုရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ခုမှာ ဒုက္ခသည် ၈သောင်းလောက် ခိုလှုံနေထိုင်နေကြပါတယ်။ ကရင်နီဒုက္ခသည်စခန်း ၂ခုနဲ့ ပေါင်းရင်တော့ ဒုက္ခသည်ပေါင်း တသိန်းနီးပါးရှိပါတယ်။

Your browser doesn’t support HTML5

ထိုင်းနယ်စပ် ဒုက္ခသည်စခန်းများ ရိက္ခာအခက်အခဲကြုံ