ထိုင်း အစိုးရသစ် ကျမ်းသစ္စာကျိန်ဆို

ထိုင်းနိုင်ငံမှာ ဇူလိုင်လ ၁၆ ရက်နေ့က အစိုးရဝန်ကြီးများအဖွဲ့သစ်ဟာ ထိုင်းဘုရင့်ရှေ့မှောက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ မတ်လထဲ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်အရ ထိုင်းစစ်ဖက်နဲ့ ဆက်နွယ်သူတွေ အရေးရှုံးနိမ့်ခဲ့တာ ဖြစ်ပေမယ့် အခု ထိုင်းအစိုးရသစ်အဖွဲ့မှာ အရင်အာဏာသိမ်းစစ်ခေါင်းဆောင် Prayuth Chan-ocha ပဲ ဝန်ကြီးချုပ်အဖြစ်ပြန်အရွေးခံရတာပါ။

ဝန်ကြီးချုပ်က တိုင်းပြည်ကို ဖွဲ့စည်းပုံဥပဒေနဲ့အညီ အုပ်ချုပ်သွားမယ်လို့လည်း ကြေညာခဲ့ပေမယ့် ဒီမိုကရေစီရေး လှုပ်ရှားတဲ့ ပါတီတွေကတော့ စစ်အစိုးရ ၂၀၁၄ အာဏာသိမ်းအပြီး ရေးဆွဲထားတဲ့ ဒီ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်ပြင်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ဆက်ပြောပြ ပေးမှာပါ။

ထိုင်းနိုင်ငံမှာ စစ်တပ်က နိုင်ငံကို ၅ နှစ်ကြာ အုပ်ချုပ်ခဲ့ ပြီးတဲ့နောက်မှာ ပြည်သူ ရွေးကောက်တင်မြှောက် ထားတဲ့ အစိုးရတရပ် ပေါ်ပေါက်လာပြီလို့ ဆိုပေမယ့် အာဏာဟာ အရင်တုန်း ကလိုပဲ စစ်တပ်နဲ့ရင်းနှီးသူတွေရဲ့ လက်ထဲမှာ ရှိနေဆဲပါ။

ဇူလိုင်လ ၁၆ ရက် အင်္ဂါနေ့ကတော့ ထိုင်းဘုရင် မဟာ ဝဇီရာလောင်ကောင်း ရှေ့မှောက်မှာ အစိုးရဝန်ကြီးများအဖွဲ့သစ်က ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

"အခု အသစ်ရွေးချယ်လိုက်တဲ့ ဝန်ကြီးများအဖွဲ့ တာဝန်တွေ မထမ်းဆောင်ခင် ကျမ်းသစ္စာကျိန်ဆိုဖို့ အတွက် အဖွဲ့ဝင်သစ် ၃၆ ယောက်ကို ဘုရင်မင်းမြတ်ရှေ့မှောက် ခစားခွင့်ပြုဖို့ ကျွန်တော်မျိုး ပရာရွသ် ချန်အိုချာ ပန်ကြားအပ်ပါသည်။”

ထိုင်းဘုရင် မဟာ ဝဇီရာလောင်ကောင်းကတော့ ဝန်ကြီးများအဖွဲ့အနေနဲ့ နိုင်ငံရဲ့ အခြေနေပေါ်မူတည်ပြီး အကောင်းဆုံး လုပ်ဖို့ ပြောကြားခဲ့တာပါ။

“ဝန်ကြီးများအဖွဲ့နဲ့ အစိုးရတို့ အနေနဲ့ သူတို့ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားတွေကို ကောင်းကောင်းမွန်မွန်နဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့ ရဲစွမ်းသတ္တိရော အာဏာပါ ရှိမယ်လို့ မျှော်လင့်ပါတယ်။ ဘယ်အလုပ်ကိစ္စမဆို အတားအဆီးရှိတတ်သလို၊ ဘယ်လုပ်ငန်းမဆို အခက်အခဲတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ အလုပ်တာဝန်ကို ထမ်းဆောင်ရင်း ပြဿနာကို ဖြေရှင်းရတာဟာ ဓမ္မတာပါ။ ဒါမှလည်း နိုင်ငံရဲ့ အခြေအနေအလိုက် အဆင်ပြေပြေ ရပ်တည်သွားနိုင်မှာ ဖြစ်ပါတယ်။”

မတ်လ ရွေးကောက်ပွဲမှာ ဒီမိုကရေစီလိုလားတဲ့ ပါတီတွေက အများစု အနိုင်ရခဲ့တာ ဖြစ်ပေမယ့် ၂၀၁၄ မှာ အာဏာသိမ်းခေါင်းဆောင်ဖြစ်တဲ့ စစ်တပ်အကြီးအကဲ ပရာရွသ် ချန်အိုချာကပဲ ဒုတိယ အကြိမ်ပြန်ပြီး အခုအစိုးရသစ်အဖွဲ့မှာ ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင် တနင်္လာနေ့ကတော့ အခုအခါမှာ ပြည်သူ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတရပ် ပေါ်ပေါက်လာပြီဖြစ်သလို ဖွဲ့စည်းပုံဥပဒေနဲ့အညီ အုပ်ချုပ်သွားမယ်လို့ ဝန်ကြီးချုပ် Prayuth က ပြောကြားခဲ့တာပါ။

"လေးစားအပ်တဲ့ ပြည်သူလူထုခင်ဗျား။ ထိုင်းနိုင်ငံဟာ အခုဆို စည်းမျဉ်းခံဘုရင်စံနစ်နဲ့ အုပ်ချုပ်တဲ့ ဒီမိုကရေစီနိုင်ငံ တနိုင်ငံအနေနဲ့ လူထုရွေးကောက် တင်မြှောက်ထားသူတွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်တရပ် ပေါ်ပေါက်လာပြီဖြစ်သလို လွှတ်တော်လည်ပတ်ဖို့ အစိုးရတရပ်ကို အတည်ပြုပေးလိုက်ပါပြီ။ နိုင်ငံတကာအမြင့်ဆုံးစံတွေနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက လွတ်လပ်ခွင့်နဲ့ ရပိုင်ခွင့်အများအပြားကို စောင့်ရှောက်မှုပေးထားပါတယ်။ ဘယ်အထူးအာဏာကိုမှ သုံးစရာမလိုပဲ မပြေလည်သေးတဲ့ ပြဿနာတွေကို ဒီမိုကရေစီလုပ်ငန်းစဉ်တွေနဲ့ ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။”

ထိုင်းနိုင်ငံရဲ့ အခြေနေဟာ ရွေးကောက်ပွဲအပြီးမှာ ပုံမှန်ပြန်ဖြစ်လာပြီလို့လည်း ဝန်ကြီးချုပ် Prayuth က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မဲဆန္ဒရှင် ၅၂ သန်းဟာ အောက်လွှတ်တော် အမတ်နေရာ ၅၀၀ အတွက် မဲပေးကြရတာ ဖြစ်ပြီး အမတ်နေရာ ၃၅၀ က တိုက်ရိုက် ရွေးကောက်တာ ဖြစ်သလို ကျန်နေရာ ၁၅၀ က လူထုကြိုက်တဲ့ ပါတီကို ရွေးချယ်ကြရတာ ဖြစ်ပါတယ်။ အထက်လွှတ်တော် အမတ်နေရာ ၂၅၀ အတွက်တော့ ထိုင်းစစ်တပ်ကပဲ ရွေးချယ်ခဲ့တာပါ။ ဒါ့ကြောင့် ရွေးကောက်ပွဲမှာ အတိုက်အခံပါတီတွေက အများစု အနိုင်ရခဲ့တာ ဖြစ်ပေမယ့် ဒီလွှတ်တော် ၂ ရပ်က ပြန်ရွေးချယ်လိုက်တဲ့ ဝန်ကြီးချုပ်ကတော့ စစ်တပ်အကြိုက် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာရွသ်ပဲ ပြန်အရွေးခံရတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေကလည်း ၂၀၁၄ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်တပ်အလိုကျ ရေးဆွဲထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီရေး လှုပ်ရှားတဲ့ အတိုက်အခံ ပါတီတွေက အခုအခါမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြန်လည်ပြင်ဆင်ရေးကို ထိပ်တန်း ဦးစားပေးအဖြစ် လုပ်ဆောင်ဖို့ ပြင်နေကြပါပြီ။

ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ရှိတဲ့ ပြဌာန်းချက် ၂၇၉ ခုထဲက စစ်တပ်ကို ဆက်ပြီး အာဏာခိုင်မြဲအောင် ချမှတ်ထားတဲ့ ပြဌာန်းချက် ၂ ခုကို ပြင်ဆင်နိုင်ဖို့ ဦးစားပေး လုပ်ဆောင်နေတယ်လို့ အတိုက်အခံတွေက ပြောပါတယ်။ ဒါပေမယ့် ဒီဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်နိုင်ဖို့ အတွက် ထိုင်းစစ်တပ်က ရွေးချယ်ထားတဲ့ အထက်လွှတ်တော်အမတ် တွေထဲက အနည်းဆုံး သုံးပုံ တပုံရဲ့ ထောက်ခံချက်ရယူဖို့ လိုတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ စီမံခန့်ခွဲရေး အမျိုးသားသိပ္ပံ NIDA က နောက်ဆုံး ကောက်ယူခဲ့တဲ့ စစ်တမ်းတွေ အရဆိုရင်တော့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟာ ဒီမိုကရေစီနည်းလမ်း မကျသလို အထူးသဖြင့် ပြဌာန်းချက်အမှတ် ၂၇၂ ကိုပြန်လည် ပြင်ဆင်ဖို့ လုပ်ဆောင် ရမယ်လို့ ယုံကြည်ကြပါတယ်။

Your browser doesn’t support HTML5

ထိုင်း အစိုးရသစ် ကျမ်းသစ္စာကျိန်ဆို