မူးယစ်ကုန်ကြမ်း ၂၅ တန်ကျော် ထိုင်း-မြန်မာနယ်စပ်မှာ သိမ်းဆည်းရမိ

မဲဆောက်-မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှာ ဖမ်းဆီးသိမ်းခံရတဲ့ မူးယစ်ဆေးကုန်ကြမ်းများ (Photo: ထိုင်း မူးယစ်နှိမ်နင်းရေးဗျူရို)

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာနိုင်ငံဘက် ပို့ဆောင်မယ့် ကုန်စည်တွေထဲမှာ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ ကုန်ကြမ်းအဖြစ်အသုံးပြုတဲ့ ဆိုဒီယမ်ဆိုင်ယာနိုက် ၂၅ တန်ကျော် တွေ့ခဲ့တဲ့အကြောင်း ထိုင်းအစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလ ၁၂ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီ အမှတ်(၂) ချစ်ကြည်ရေး တံတားကနေ အကောက်ခွန်ဌာနကိုဖြတ်ပြီး မြန်မာဘက် ပို့ဆောင်မယ့် ကုန်စည်တွေကို မသင်္ကာလို့ ထိုင်းမူးယစ်နှိမ်နင်းရေးအဖွဲ့တွေနဲ့ နယ်မြေခံစစ်တပ်တွေ၊ ရဲတွေက အသေးစိတ်စစ်ဆေးရာမှာ အခုလို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်တဲ့အကြောင်း သောကြာနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်း မူးယစ်နှိမ်နင်းရေးဗျူရို အတွင်းရေးမှူး Piyasiri Wattanavrangkun က ပြောပါတယ်။

ဖမ်းမိတဲ့ မူးယစ်ကုန်ကြမ်းတွေနဲ့ ပတ်သက်လို့ သေချာစစ်ဆေးဖို့အတွက် မူးယစ်ဆေးဝါး နှိမ်နင်းရေးဌာနကို လွှဲပြောင်းပေးသွားမှာဖြစ်ပြီး တရားရုံးရဲ့ အဆုံးအဖြတ် ရရှိပြီးမှသာ ဖျက်ဆီးသွားမှာဖြစ်တယ်လို့ ထိုင်းဘာသာနဲ့ ပြောဆိုသွားပါတယ်။ အခုဖမ်းဆီးလိုက်တဲ့ မူးယစ်ကုန်ကြမ်းတွေဟာ ရာဘ (ခေါ်) စိတ်ကြွဆေး ထုတ်မယ်ဆိုရင် အပြားပေါင်း သန်း ၅၉၀ လောက် ထုတ်လုပ်နိုင်တယ်လို့လည်း ထိုင်း မူးယစ်ဆေးဝါး နှိမ်နင်းရေးဗျူရိုက ထုတ်ပြန်ပါတယ်။

ထိုင်းသတင်းတွေမှာတော့ မြန်မာဘက်ကိုပို့မယ့် ဒီမူးယစ်ကုန်ကြမ်းတွေကို တရုတ်ကုမ္ပဏီတခုက ပို့တာ ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။ လောလောဆယ် သိမ်းဆည်းရမိတဲ့ မူးယစ်ကုန်တွေကို စစ်ဆေးနေဆဲဖြစ်ပြီး ဒီကုန်တွေကို သယ်ဆောင်လာတဲ့ ကားမောင်းသမားကိုလည်း ဖမ်းဆီးစစ်ဆေးနေပါတယ်။

=== Unicode===



