{{Zawgyi/Unicode}}
ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ်ထဲက အုန်းဖျံ ဒုက္ခသည်စခန်းမှာ ဒီလအတွင်း မိသားစုလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေပြီး ကူးစက်ခံရသူ စုစုပေါင်း ၁၀၀ ကျော် ရှိလာနေပါပြီ။ တချိန်တည်းမှာပဲ ဒုက္ခသည်စခန်းတွေမှာ ထိုင်းအစိုးရအစီအစဉ်နဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ကစပြီး အသက် ၆၀ အထက်နဲပ မသန်စွမ်းသူတွေကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေပြီဖြစ်တဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက စုံစမ်းတင်ပြပေးထားပါတယ်။
ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ်ထဲက အုန်းဖျံ ဒုက္ခသည်စခန်းမှာ ကိုဗစ်ကူးစက်သူ ဒီလအတွင်း ၁၀၀ ကျော်ရှိပြီး ဒုက္ခသည်တွေမိသားစုလိုက်ကူးစက်ခံနေကြရတာပါ။ ကိုဗစ်ဒုတိယလှိုင်းမှာတုန်းက အနည်းငယ်သာကူးစက်ခဲ့ပေမယ် အခုအခါမှာတော့ ရာဂဏန်းလောက်ကူးစက်လာနေကြောင်း အုန်းဖျံဒုက္ခသည်စခန်းက ဒုက္ခသည်တဦးကပြောပြပါတယ်။
“၂၁ ရက်နေ့အထိကို ၁၂၆ ယောက်။ တခါမှမဖြစ်ဖူးဘူး။ ဒီလထဲမှာအများဆုံးပဲ။ ပြီးခဲ့တဲ့နှစ်က နည်းနည်းလေးပဲဖြစ်တာ။ အခုဟာ ကတနေ့တည်း ၃၅ ယောက်ဖြစ်လိုဖြစ်၊ ၁၈ ယောက်ဖြစ်လို့ဖြစ်၊ ၂၀ လောက်ဖြစ်လိုဖြစ်။ အဲဒါမျိုးတွေဖြစ်နေတာ။ ညကျရင် စခန်းရုံးကနေ ကြေညာပေးနေတယ်။ လူတိုးတိုင်း ကြေညာပေးနေတယ်။ လူမတိုးရင်တော့မကြေညာဘူး။ အစုလိုက်အပြုံလိုက်ဖြစ်နေတော့ စိုးရိမ်ကြတာပေါ့။ ကိုဗစ်ဖြစ်တယ်ဆိုတော့ အချိန်မရွေး အန္တရယ်ရှိနိုင်တယ်။ သေသွားနိုင်တာကိုး။ မိသားစုအလိုက်ဆိုရင် အရမ်းစိုးရိမ်တာပေါ့။”
အောက်တိုဘာလ၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာတော့ အသက် ၆၀ နဲ့အထက် သက်ကြီးရွယ် အိုတွေကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေကြောင်း စခန်းတွင်းက မထိုးရသေးတဲ့ အသက်ကြီးသူတွေကို ရပ်ကွက်အလိုက် လာရောက်ထိုးနှံကြဖို့ စခန်းတာဝန်ရှိသူတွေ ကနှိုးဆော်နေတယ်လို့ဆိုပါတယ်။
“ကာကွယ်ဆေး မနေ့ကစထိုးတယ်။ ပထမ အသက် ၆၀ အထက်တိုးတယ်။ ထိုးရင်းနဲ့အသက် ၆၀ နဲ့အတူ လိုက်ပို့တဲ့သူတွေကိုလည်း တခါတည်းထိုးပေးလိုက်တယ်။ ဒီနေ့လည်း ဆက်ထိုးတယ်။ မနေ့ကတော့ ၁၀၀ ကျော်လောက်ထိုးတယ်။ စာရင်းအရင်မပေးရဘူး။ နောက်ကပါလာတဲ့သူတွေပါ ရောထိုးလိုက်တော့ အခုအသက်အကန့်အသတ် ပြန်သတ်မှတ်လိုက်တယ်။ အသက် ၆၀ အထက်ပဲ လာကြပါပြောတယ်။ လူတွေကစုပြုံနေလို့။”
ကိုဗစ်ကုသရေးစင်တာတွေ၊ စောင့်ကြည့်ရေးစင်တာတွေကိုတော့ စာသင်ကျောင်းတွေမှာ လုပ်ထားပေးပါတယ်။ နေရာ ၃ ခု ခွဲပြီး ကျန်းမာရေးဝန်ထမ်းတွေက ကုသပေးနေတယ်လို့ ဆိုပါတယ်။ ကိုဗစ်ဒုတိယလှိုင်းစတင်ကတည်းက စခန်းတွင်းက ဒုက္ခသည်တွေအနေနဲ့ အပြင်ကိုထွက် အလုပ်လုပ်ခွင့်တွေကိုလည်းပိတ်ပင်ထားပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်ထဲက ပြည်တွင်းစစ်နဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ထွက်ပြေးတိမ်းရှောင်လာသူတွေဟာထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခု မှာ ခိုလှုံ နေကြရပါတယ်။ တာခ့် ပြည်နယ်ထဲကအုန်းဖျံဒုက္ခသည်စခန်းမှာ လူဦးရေ ၈ ထောင်လောက်ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်ကစပြီး အုန်းဖျန်ဒုက္ခသည်စခန်းမှာ ပထမဆုံး ကိုဗစ်ကပ်ရောဂါဖြစ်ခဲ့တာပါ။ အဲဒီအချိန် တုန်းက တဦးစ နှစ်ဦးစသာ ကိုဗစ်ဖြစ်ခဲ့ပြီး အခုလို အစုလိုက်အပြုံလိုက် ကူးစက်တာတွေမရှိခဲ့ပါဘူး။ အဲဒီနောက်ထမ်ဟင်ဒုက္ခသည်စခန်း၊ မယ်လ ဒုက္ခသည်စခန်း၊ မယ်လအူးနဲ့ မယ်ရာမူ စခန်းတွေမှာ ကိုဗစ်ကပ်ရောဂါ ထပ်ဖြစ်ခဲ့တာပါ။ မယ်လအူးစခန်းမှာပဲ ဒီရက်ပိုင်းအတွင်း အစုလိုက်ကူးစက်နေပါတယ်။
ထိုင်းအစိုးရကတော့ စက်တင်ဘာလက စပြီး ၄ လအတွင်းမှာ ကိုဗစ်ကာကွယ်ဆေး အပြီးထိုးနံှနိုင်ဖို့ ရည်မှန်းထားပါတယ်။ ဒုက္ခသည်စခန်းတွေမှာတော့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်တဲ့အရေအတွက်က အနည်းအကျဉ်းသာရှိသေးပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်အိုတွေကိုသာဦးစားပေး ထိုးနှံနေဆဲဖြစ်ပါတယ်ရှင်။
Your browser doesn’t support HTML5
===========
{{Unicode}}