အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် Certificate of Identity (CI) ထုတ်ပေးတဲ့စင်တာအားလုံးကိုပိတ်ဖို့ မြန်မာဘက်ကပြောလာတဲ့အတွက် ဇူလိုင် ၇ ရက်မှာပိတ်မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာထားပါတယ်။ ဒါဟာ ထိုင်းရောက်မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကိုကန့်သတ်ဖို့ အစီအစဉ်လားဆိုတာကို အလုပ်သမားရေးလှုပ်ရှားသူတွေက သံသယရှိနေကြသလို ထိုင်းအစိုးရက ထုတ်ပေးတဲ့ ပန်းရောင်ကဒ်လို့ခေါ်တဲ့အလုပ်လုပ်ခွင့်လက်မှတ်တခုတည်းနဲ့ နေထိုင်ခွင့်ပြုတော့မလားဆိုတာကိုလည်း မျှော်လင့်နေကြပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံထဲက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းနိုင်ငံကနေပြီး ပန်းရောင်ကဒ်လို့ခေါ်တဲ့အလုပ်လုပ်ခွင့်လက်မှတ်တွေ ထုတ်ပေးထားသလို ထိုင်းနိုင်ငံအတွင်းသွားလာနိုင်ဖို့လိုအပ်တဲ့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် Certificate of Identity (CI) ကိုတော့ မြန်မာအလုပ်သမားဝန်ကြီးဌာနဘက်က ထိုင်းနိုင်ငံထဲမှာစင်တာတွေ ဖွင့်ပြီးထုတ်ပေးနေခဲ့တာပါ။ အဲဒီ ၂ ခုလုံးပြည့်စုံမှ ထိုင်းနိုင်ငံထဲမှာအလုပ်လုပ်ခွင့်ရတာဖြစ်ပါတယ်။ အခုအခါမှာတော့ မြန်မာဘက်ကတောင်းဆိုလို့ CI စင်တာတွေကို ဇူလိုင်လ ၇ ရက်နေ့မှာပိတ်တော့မယ်လို့ ထိုင်းဘက်က ကြေညာထားပါတယ်။ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် Certificate of Identity (CI) ဆိုတာဟာ နိုင်ငံကူးလက်မှတ်မလုပ်နိုင်သေးခင် ကြားကာလမှာလုပ်ရတဲ့ တရားဝင် ခရီးသွားခွင့်ရတဲ့စာအုပ်ဖြစ်ပါတယ်။ ဒီလိုစာအုပ်တွေကို ထိုင်းရောက် မြန်မာအရေးတက်ကြွလှုပ်ရှားသူတွေက လုပ်လာတဲ့အတွက် စိစစ်ကန့်သတ်ချင်လို့ မြန်မာဘက်ကပိတ်တာလည်းဖြစ်နိုင်တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူ ဦးအောင်ကျော်က သုံးသပ်ပါတယ်။
"CI စခန်းကိုမသွားတော့ဘဲနဲ့ ဒီနိုင်ငံမှာနေတဲ့သူအားလုံးက အလုပ်လုပ်ခွင့်လက်မှတ်တွေ၊ ထိုင်းအစိုးရက ခွင့်ပြုတဲ့လက်မှတ်တွေရတဲ့အခါမှာ မြန်မာသံရုံးကိုသွားပြီး မှတ်ပုံတင်နဲ့ အိမ်ထောင်စု သန်းခေါင်စာရင်းတွေရလို့ရှိရင် တိုက်ရိုက် PJဆိုတဲ့ပတ်စပို့လက်မှတ်တွေ သွားလျှောက်ဖို့ရည်ညွန်းချင်တာလားပေါ့။ အဲဒီလိုရည်ညွှန်းချင်ရင်လည်း မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းတွေပြဖို့၊ သွားဖို့ဆိုတာ တချို့လူတွေကတော့ အဲဒါတွေနဲ့သွားဖို့ အားနည်းချက်တွေရှိတယ်။ ဒါကို နိုင်ငံရေးအရ စစ်ကောင်စီက စိစစ်ချင်တာလား။ သူတို့က နိုင်ငံရေးသမားတွေ ဒီနိုင်ငံထဲမှာဘယ်လောက်ရှိသလဲဆိုတာ စိစစ်ချင်တာလားတော့မသိဘူး။"
၂၀၂၃ ခုနှစ် အောက်တိုဘာလကစပြီး ဘန်ကောက်၊ ချင်းမိုင် အပါအဝင် မြန်မာရွှေ့ပြောင်းတွေ အများစုနေထိုင်နေတဲ့ခရိုင်တွေမြို့နယ်တွေမှာ မြန်မာဘက်က စင်တာ ၈ ခု ဖွင့်ပြီး ထုတ်ပေးနေတာပါ။
အခုစီအိုင်မဖွင့်တော့ဘူးဆိုရင် အရင်တုန်းက ထိုင်းအစိုးရဘက်ကပဲထုတ်ပေးတဲ့ပန်းရောင်ကဒ်နဲ့ပဲ အလုပ်လုပ်ခွင့်ပြုမလားဆိုတာကို အလုပ်သမားတွေက မျှော်လင့်နေကြတယ်လို့လည်း ဆိုပါတယ်။
"နှစ်ပေါင်း ၂၀ လောက်ကတည်းက ထိုင်းနိုင်ငံထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေအားလုံးက ထိုင်းနိုင်ငံကိုလာရောက်အလုပ်လုပ်တဲ့အခါ ထိုင်းအစိုးရကခွင့်ပြုထားတဲ့ ပန်းရောင်ဘတ်လို့ခေါ်တဲ့ Pink card လို့ ခေါ်တဲ့လက်မှတ်ရှိတယ်။ ဒီကဒ်ကတော့ ထိုင်းပြည်ထဲရေးဌာနက နေထိုင်ခွင့်ပေးထားတယ်၊ အလုပ်သမားဝန်ကြီးဌာနက အလုပ်လုပ်ခွင့်ပေးထားတယ်၊ ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုတွေပေးထားတယ်။ အဲဒီကဒ်တခုတည်းနဲ့ နေထိုင်အလုပ်လုပ်ခွင့်ပေးပြုပါဆိုတာကို အလုပ်သမားတွေအတော်များများ နိုင်ငံတကာအဖွဲ့အစည်းတွေသိအောင် တောင်းဆိုထားတာရှိတယ်။ အဲဒါကြောင့် CI စခန်းတွေမရှိတော့ရင်လည်း စိုးရိမ်စရာမရှိဘူး။ ထိုင်းအစိုးရကဒီအတိုင်း လုပ်ကိုင်ဆောင်ရွက်သွားရင်လည်း အဆင်ပြေမှာဖြစ်ပါတယ်။"
ထိုင်းနိုင်ငံထဲမှာအလုပ်လုပ်နိုင်ဖို့ ထိုင်းကော မြန်မာကောဘက်က ထုတ်တဲ့ CI စာအုပ်အပါအဝင် အလုပ်လုပ်ခွင့်လက်မှတ်တွေအတွက် ကုန်ကျစရိတ်စုစုပေါင်းက ဘတ်ငွေ ၁၇,၀၀၀ လောက်ရှိပြီး မြန်မာကျပ်ငွေနဲ့ဆိုရင် သိန်း ၂၀ ကျော်လောက်ကုန်ကျတာပါ။ ဒီအတွက် မြန်မာအလုပ်သမားတွေက အထောက်အထားလက်မှတ်လုပ်ဖို့ မတတ်နိုင်ကြတာကြောင့် တရားမဝင်အလုပ်သမားတွေအဖြစ် ရပ်တည်နေထိုင်နေကြတာများပါတယ်။
ထိုင်းနိုင်ငံထဲမှာ တရားဝင်ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း သုံးသန်း လေးသိန်းကျော် (၃,၄၁၅, ၇၇၄) ရှိပြီး တရားဝင် အထောက်အထားလက်မှတ်လုပ်ထားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း နှစ်သန်း သုံးသိန်းကျော် (၂,၃၇၉,၇၆၄) ရှိပါတယ်။ ဒါပေမယ့် တရားမဝင်နေထိုင်နေကြသူမြန်မာတွေလည်း နှစ်သန်းထက်မနည်းရှိနေတယ်လို့ အလုပ်သမားရေးလှုပ်ရှားသူတွေက ပြောဆိုခဲ့ပါတယ်ရှင်။
Your browser doesn’t support HTML5