ကိုဗစ်အကန့်အသတ်နဲ့ ထိုင်း-မြန်မာနယ်စပ် စာသင်ကျောင်းများ ပိတ်ပင်

အစုအဖွဲ့လေးတွေနဲ့ စာသင်ကြားနေတဲ့ တာ့ခ်ခရိုင်ထဲက မြန်မာရွှေ့ပြောင်းစာသင်ကျောင်း။

(Zawgyi / Unicode)

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး စီမံခန့်ခွဲမှုအဖွဲ့ (CCSA) ရဲ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံရှိ တာ့ခ်ခရိုင် အပါအဝင် ခရိုင် ၂၈ ခုကို အထူးစောင့်ကြည့် ကြပ်မတ်နယ်မြေ (အနီရောင်ဇုန်) အဖြစ် သတ်မှတ်လိုက်ပြီး ခရိုင်ထဲက ကျောင်းတွေကိုလည်း ဇန်နဝါရီလကုန်ထိ ဆက်ပိတ်ထားမှာဖြစ်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ ကိုဗစ်ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး စီမံခန့်ခွဲမှုအဖွဲ့က တာ့ခ်ခရိုင် အပါအဝင် ခရိုင် ၂၈ ခုကို ကိုဗစ်ကပ်ရောဂါ အထူးကြပ်မတ်နယ်မြေ အနီရောင်ဇုန်အဖြစ် သတ်မှတ်ပြီး စာသင်ကျောင်းတွေကို ဒီလကုန်ထိ ပိတ်လိုက်ပါတယ်။ ဒီထဲမှာ စုဖွဲ့မှုနဲ့ သင်ကြားနေတဲ့ ရွှေ့ပြောင်းစာသင်ကျောင်းတွေလည်း ပိတ်ထားရမှာပါ။

ဒီအမိန့်ဟာ ဇန်နဝါရီလ ၄ ရက်နေ့ကနေ စတင်အသက်ဝင်မှာဖြစ်တယ်လို့ မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ မဲဆောက်ရုံးတာဝန်ခံ ဦးမိုးကျော်က အခုလိုပြောပါတယ်။

“၁ လပိုင်း ၄ ရက်နေ့ကစပြီး အသက်ဝင်မယ်။ ပညာရေးဝန်ကြီးဌာနကနေ ကိုဗစ်ရောဂါ ထိန်းချုပ်ရေး စီမံခန့်ခွဲရေးဌာနအောက်ကနေ အခြေအနေတွေကို ထုတ်ပြန်တာ။ ကျနော်တို့ တာ့ခ်ခရိုင်က အနီရောင်အဆင့် သတ်မှတ်ထားတဲ့ ဇုန်ထဲမှာပါတယ်။ ကပ်ရောဂါဆိုင်ရာ စိုးရိမ်ရတဲ့အထဲမှာပါတော့ ပုဂ္ဂလိကကျောင်းတွေကိုရော ပြင်ပ ပညာသင်ကြားမှုဆိုင်ရာ ကျောင်းတွေကိုရော အစိုးရကျောင်းတွေရော ၄ ရက်နေ့က ၃၁ ရက်နေ့ထိပိတ်မယ်။ နောက်ထပ် ညွှန်ကြားမှု မလာသေးမချင်း ကျောင်းတွေပြန်ဖွင့်ရမှာ မဟုတ်ဘူး။ သင်ကြားမှုဆိုင်ရာ အသစ်ကိုလည်း ရည်ညွှန်းပြီး ထုတ်ပြန်မှုမှာ ပါတယ်။ ဆရာ ဆရာမတွေက လေ့ကျင့်ခန်းတွေပေးပြီး ကျောင်းသားတွေကို လူစုလူဝေးမဖြစ်ဘဲ သင်ကြားတဲ့ပုံစံမျိုး၊ သင်ထောက်ကူနဲ့ သင်ကြားတာမျိုး၊ အွန်လိုင်းကနေ သင်ကြားတာမျိုး လုပ်ရမယ်လို့ ထုတ်ပြန်ထားတယ်။ အိမ်ကိုအခြေခံတဲ့ စုဖွဲ့ပြီး သင်ကြားမှုပုံစံတွေကိုလည်း ရပ်ထားရမယ်။”

SEE ALSO: ကိုဗစ်ကူး ရွှေ့ပြောင်းလုပ်သားတွေရှိတဲ့နေရာ ထိုင်းအာဏာပိုင်တွေ ပိတ်ပင်ကန့်သတ်

မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ သိန်းထက်မနည်းရှိတဲ့ တာ့ခ်ခရိုင် ထိုင်း-မြန်မာနယ်စပ်မှာတော့ ထိုင်းကျောင်းတွေအပြင် ရွှေ့ပြောင်းစာသင်ကျောင်း ၇၀ နီးပါးရှိပြီး ကျောင်းသား ၁၀,၀၀၀ ကျော် စာသင်ကြားနေကြတာပါ။ ကိုဗစ်ကပ်ရောဂါကာလမှာ မြန်မာရွှေ့ပြောင်းစာသင်ကျောင်းတွေကိုလည်း ဖွင့်ခွင့်မရသေးတဲ့အပြင် အိမ်ကိုအခြေခံပြီး အစုအဝေးလေးတွေနဲ့ ပညာသင်ကြားမှုတွေကိုပါ ရပ်နားထားရမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံတွင်းက ခရိုင် ၅၀ ကျော်ကတော့ ခရီးသွားလာခွင့်တွေကိုပါ ပိတ်ထားကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေး လှုပ်ရှားသူ ဦးမင်းဦးကလည်း ပြောပါတယ်။

“ကျနော်တို့ဘက်မှာလည်း ဒီလိုပဲ၊ ထိုင်းမှာ ခရိုင် ၅၀ ကျော်ကတော့ ကိုဗစ်ဖြစ်လို့ ပိတ်ထားတယ်၊ ရနောင်းလည်းပါသွားပြီ။”

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၄ ဦးနဲ့ ကူးစက်သူ အတည်ပြုလူနာ ၇,၇၀၀ နီးပါးရှိလာတဲ့ ထိုင်းနိုင်ငံမှာ မကြာသေးခင် သီတင်းပတ်တွေကစလို့ ကူးစက်မှုအသစ်တွေ တွေ့ရှိခဲ့တဲ့အထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများစု ပါဝင်နေတာပါ။

မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂,၇၀၀ ကျော်နဲ့ ကူးစက်သူ အတည်ပြုလူနာတွေ တိုးနေတာကြောင့် ထိုင်းအာဏာပိုင်တွေက နယ်စပ်ဒေသတွေမှာ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တင်းကျပ်ထားပါတယ်။

Your browser doesn’t support HTML5

ကိုဗစ်အကန့်အသတ်နဲ့ ထိုင်း-မြန်မာနယ်စပ် စာသင်ကျောင်းများ ပိတ်ပင်

--------------------------

(Unicode)







SEE ALSO: ထိုင်းကိုဗစ်အတည်ပြု ဦးရေတိုးသူတွေထဲ မြန်မာအများစုပါဝင်



