ကွယ်လွန်သူထိုင်းဘုရင် ဈာပန မြန်မာသမ္မတ တက်ရာက်

MOI Webportal Myanmar

ကွယ်လွန်သူ ထိုင်းဘုရင် Bhumibol Adulyadej ရဲ့ ဈာပန အခမ်းအနားကို ဘန်ကောက်မြို့တော်မှာ ဒီကနေ့ ကျင်းပတာမှာတော့ အနက်ရောင်ဝတ်စုံတွေနဲ့ ထိုင်းပြည်သူတွေ လမ်းမတွေပေါ်မှာ တန်းစီကြည့်ရှုခဲ့ကြပါတယ်။

ထိုင်းဘုရင် Bhumibol Adulyadej ရဲ့ အသုဘရှု အခမ်းအနားကိုတော့ နိုင်ငံတကာက တော်ဝင်မိသားစုတွေ၊ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေနဲ့အတူ သမ္မတဦးထင်ကျော်နဲ့ ဇနီးဒေါ်စုစုလွင် တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့ တနေကုန် ကျင်းပတဲ့ အမေရိကန် ဒေါ်လာ သန်း ၉၀ ကုန်ကျတဲ့ အခမ်းအနားကတော့ ကွယ်လွန်သူထိုင်းဘုရင်ရဲ့ ကြွင်းကျန်ရုပ်ကလာပ်အဖြစ်နဲ့ အရိုးအိုးကို Grand စံနန်းတော်ကနေ မေယုတောင်အဖြစ် အထူးဆောက်လုပ်ထားတဲ့ မီးသင်္ဂြိုဟ်ရုံကို ပို့ဆောင်တာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဟိန္ဒူ ဒဏ္ဏာရီတွေအရတော့ မေယုတောင်က သူတော်ကောင်းတွေ ကိန်းဝပ် စံပျော်ရာအရပ်အဖြစ် သတ်မှတ်ကြတာပါ။

ဈာပနအခမ်းအနားကို တက်ရောက်လာကြသူ အများအပြားကတော့ ဘုရင် Bhumibol ရဲ့ ပုံတူတွေ ကို ကိုင်ဆောင်ထားကြပြီး အရိုးအိုး သယ်ဆောင်ရာ လမ်းတလျှောက် နေရာရဖို့ နာရီနဲ့ချီပြီး ကြိုတင် ရောက်ရှိနေခဲ့ကြပါတယ်။