ထိုင်းသတင်းထောက် ပြည်ပထွက်ခွင့် ပိတ်ပင်ခံရ

ထိုင်း သတင်းထောက် Pravit Rojanaphruk နှင့် VOA အင်တာဗျူးစဉ်။ ဧပြီလ ၂၈ ရက် ၂၀၁၆ (Z. Aung/VOA)

ဖင်လန်နိုင်ငံ Helsinki မှာ ကျင်းပမယ့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အခမ်းအနားကို ထိုင်း သတင်းထောက် Pravit Rojanaphruk မတက်ရောက်ဖို့ ထိုင်းနိုင်ငံ အာဏာသိမ်းစစ်အစိုးရက ပိတ်ပင်ခဲ့ပါတယ်။ ဖင်လန်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ဝါရင့် သတင်းထောက် Pravit ဒီကနေ့ ထိုင်းနိုင်ငံကနေ ထွက်ခွာဖို့ အစီအစဉ်ကို လွန်ခဲ့တဲ့ ၂ နှစ်က အာဏာသိမ်းခဲ့တဲ့ ထိုင်းအစိုးရက တားမြစ်လိုက်တာပါ။

ဒီအခမ်းအနားကို UNESCO အဖွဲ့နဲ့ ပူးတွဲကျင်းပမှာဖြစ်ပါတယ်။ Khaosod အွန်လိုင်း အင်္ဂလိပ်သတင်းစာရဲ့ အကြီးတန်း သတင်းထောက် Pravit ကတော့ ဒီထက်ပိုပြီး ဆိုးရွားတာမရှိနိုင်တော့ဘူးလို့ ပြောပါတယ်။

စစ်အစိုးရဘက်ကတော့ ဥပဒေနဲ့အညီလျော်ကန်စွာနေထိုင်ဖို့ ၂ ကြိမ် အကျဉ်းချပြီးတာတောင်မှာ Pravit ဟာ သင်ခန်းစာမယူခဲ့ဘူးလို့ ဆိုပါတယ်။ ထိုင်းစစ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဆန့်ကျင်ရေးသားတာတွေကို ဆက်လုပ်နေတာကြောင့် အခုလို သူ့ခရီးစဉ်ကို တားဆီးတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုကြောင်း Pravit က ပြောပါတယ်။

လူထုဆက်ဆံရေးဌာန အကြီးအကဲ ဗိုလ်မှုးကြီး Piyapong Klinpan က အခုလိုခရီးသွားခွင့် ပိတ်ပင်မှုနဲ့ ပတ်သက်ပြီး VOA ကို အတည်ပြု ပြောဆိုပေမယ့် ဘာကြောင့်ဆိုတာကိုတော့ ပြောဆိုခွင့် မရှိဘူးလို့ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က သူ့ကို ပထမအကြိမ် ထိန်းသိမ်းစဉ် နိုင်ငံခြားခရီးစဉ်နဲ့ ပတ်သက်ပြီး ခွင့်ပြုချက်ရယူရမယ်ဆိုတာကို သူ့အနေနဲ့ လက်မှတ်ထိုးခဲ့ရတယ်လို့လည်း Pravit က ပြောပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်က The Nation သတင်းစာမှာ ၂၃ နှစ်ကြာ တာဝန်ထမ်းခဲ့တဲ့ Pravit ရဲ့ခရီးစဉ်ကို အခုလိုတားဆီးခဲ့တာနဲ့ ပတ်သက်လို့ အကြီးအကျယ်စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။ သတင်းစာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာထုတ်ဖေါ်ခွင့်အတွက် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တာကြောင့် Pravit ကို အခုလို ဖိတ်ကြားတာဖြစ်တယ်လို့ ဖင်လန် အစိုးရ အရာရှိတွေက ပြောပါတယ်။