အထောက်အထားမဲ့ မြန်မာတွေကို ထိုင်းက ကိုဗစ်ကာကွယ်ဆေးထိုးပြီး ပြန်လွှတ်မည်
{{Zawgyi/Unicode}}
ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့ပွားမှု ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာနယ်စပ်ကနေ အထောက်အထားမရှိ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာသူတွေကိုပါ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ထိုင်းအစိုးရက စီစဉ်နေပါတယ်။ တရားမဝင် ဝင်လာနေသူတွေ ဒီနေ့အထိလည်း ရှိနေတာမှာ ကန်ချနဘူရီပြည်နယ်မှာ နိုဝင်ဘာလ ၁၁ ရက်က မြန်မာနိုင်ငံသား ၁၀၁ ယောက် ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ ပြောပြပေးပါမယ်။
ထိုင်းမြန်မာနယ်စပ်ကနေ မြန်မာနိုင်ငံသား အထောက်အထားမဲ့တွေ သီတင်းတပတ်ကျော်အတွင်း ၃၀၀၀ ကျော်ဖမ်းမိခဲ့ပြီးနောက် ထိုင်းကျန်းမာရေးဝန်ကြီးဌာနကနေ တရားမဝင်ဝင်လာသူတွေကို ဥပဒေအတိုင်းဆောင်ရွက်တာအပြင် ကိုဗစ်ကာကွယ်ဆေးပါထိုးပေးပြီးမှ နေရပ်ပြန်ပို့ဖို့ ဆက်လုပ်မယ်လို့ ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံထဲမှာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် လုပ်တာလို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက အခုလိုပြောပါတယ်။
"ကျန်းမာရေးဝန်ကြီး အနုတင် ကပြောတာရှိတယ် လက်ရှိအခြေအနေအရ နယ်စပ်တွေက ဝင်တာတအားများတော့ မထူးတော့ဘူး သူတို့တွေကိုလည်းတရားဝင်ဝင် တရားမဝင်ဝင် ဖမ်းမိရင် ကာကွယ်ဆေးထိုးပြီးမှ ပြန်လွှတ်မယ်လို့ပြောတယ် ။ တကယ်တော့အဲဒါကို ကိုဗစ်ထိမ်းချုပ်ရေးကော်မတီကအကြံပေးတာကြာပြီ အလုပ်သမားတွေ တရားမဝင် တရားဝင်ဝင် ထိုးပေးပေါ့။ ပြန်မထိုးပေးရင် ကပ်ဘေးက တပတ်လည်လာမယ်ပေါ့ ။ ဒါကြောင့် ဆေးထိုးပေးဖို့ပေါ့ "
မြန်မာဘက်ကနေ အလုပ်အကိုင်ရှာဖွေဖို့အတွက် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာနေသူတွေ ပိုများလာနေတာမှာ နိုဝင်ဘာလ ၁၁ ရက်နေမှာပဲ ကမ်ချနဘူရီ စိုင်ယို့နယ်စပ်က နာနတ်တောအတွင်းမှာမြန်မာနိုင်ငံသား ၁၀၀ ကျော် ထပ်မံဖမ်းဆီးခံရတယ်လို့ဦးမင်းဦးကပြောပါတယ်။
"ဒီနေ့ဖြစ်တာကတော့ ကမ်ချနဘူရီ မှာ ဖမ်းမိတာ လူ၁၀၁ယောက် ။ မိန်းကလေးက ၄၃ယောက် ။ ယောက်ကျားလေးက ၅၈ယောက်။ သူတိုလာတာကတော့နေရာအနှံ့ပဲ။ ပဲခူးတို့ မော်လမြိုင်တို့ ဘက်ကလာတာ။ ပွဲစားခက ၂သောင်းခွဲလောက်ပေးရတယ်။ စိုင်ယို့က နာနတ်တောမှာဖမ်းမိတာ"
ထိုင်းနိုင်ငံထဲမှာရှိနေတဲ့ နိုင်ငံခြားသား အလုပ်သမား၄သိန်းကျော်လောက် က ိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့ပြီးလို့ ထိုင်းအစိုးရက တရားဝင်ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ရွှေ့ပြောင်းလုပ်သား အနည်းဆုံး ၁ ဒသမ ၃ သန်းလောက် ကာကွယ်ဆေးထိုးနှံဖို့ ကျန်နေသေးတယ်လို့ လည်းပြောထားပါတယ်။ နောက်ပိုင်းကျရင် ဖမ်းမိတဲ့ အထောက်အထားမဲ့တွေကိုပါ ကာကွယ်ဆေးထိုးနှံပြီးမှ နေရပ်ပြန်ပို့မယ်ဆိုတာကြောင့် ဖမ်းဆီးခံရသူတွေအတွက်တော့ အဆိုးထဲကအကောင်းတခုအဖြစ် ဦးမင်းဦးကယူဆပါတယ် ။
"အဆိုးထဲကအကောင်းလို့ပြောလို့ရတယ်။ ဖမ်းမိသွားတော့သူတို့ငွေကြေးအချိန်တွေအားလုံးဆုံးရှုံးတာလေ။ ဒါပေမယ့် ကာကွယ်ဆေးလေးထိုးတာ ပြန်ရတယ်ဆိုရင်တော့ နည်းနည်းလေးတော်သွားသေးတာပေါ့ "
ထိုင်းနိုင်ငံမှာမြန်မာရွှေပြောင်းအလုပ်သမား ၃ သန်းထက်မနည်းရှိနေတာပါ။ ၂၀၂၁ နှစ်စကစပြီး ၁၀ လအတွင်း နယ်စပ်တွေကနေ ဝင်လာတဲ့အထောက်အထားမဲ့ ရွှေပြောင်းအလုပ်သမားတွေ ဖမ်းမိတာ ၃သောင်းခွဲကျော်လောက်ရှိပြီး ဒီထဲမှာမြန်မာအများစုပါဝင်ပါတယ်။ အခုလထဲမှာ ၁၀ ရက်အတွင်းဖမ်းမိတဲ့မြန်မာနိုင်ငံသား ၃၀၀၀ ကျော်ရှိတာကြောင့် ထိုင်းအာဏာပိုင်တွေက ထိုင်းမြန်မာနယ်စပ်တွေမှာ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေကြပါတယ်။
........................................
Your browser doesn’t support HTML5
{{Unicode}}