(Zawgyi / Unicode)
ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ဘေး အရေးပေါ်ကာလကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့အထိ ၂ လ ထပ်မံတိုးထားကြောင်း ထိုင်းနိုင်ငံ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။ အခုလို ကိုဗစ်ကပ်ဘေး အရေးပေါ်ကာလ ထုတ်ပြန်တဲ့အတွက် ရွှေ့ပြောင်းအလုပ်သမားတွေ အတွက်တော့ ခရီးသွားလာခွင့်တွေ အခက်အခဲရှိနေဆဲ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။
ထိုင်းနိုင်ငံ ကိုဗစ်ကပ်ဘေး အရေးပေါ်ကာလကို သက်တမ်း ၂ လ တိုးလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ မတ်လကုန်ထိ သက်တမ်းတိုးလိုက်တာပါ။ ဒီလိုတိုးလိုက်တဲ့အတွက် အထောက်အထား လက်မှတ်လုပ်ဖို့အတွက် ခရီးသွားရမယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အခက်အခဲတွေ ရှိနေကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေး လှုပ်ရှားသူ ဦးမင်းဦးက အခုလိုပြောပါတယ်။
“CI (မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားလက်မှတ်) သွားလုပ်မယ်ဆိုရင် နီးစပ်ရာ ဆဲဗင်းအလဲဗင်း (ဈေးဝယ်တဲ့ဆိုင်) မှာ စာရင်းသွင်း၊ ပိုက်ဆံ ၃၂၀ သွင်းရမယ်။ အဲဒီလို သွားပြီးရင် ပြေစာထွက်လာမယ်။ ကိုယ့်ဖုန်းထဲကို မက်ဆေ့ချ်ရောက်မယ်။ သွားလုပ်မယ့်ရက်ချိန်း ရမယ်။ ရက်ချိန်းရတာနဲ့ သွားလုပ်လို့ မရသေးဘူး။ နယ်မြေဖြတ်ကျော်ခွင့် လိုတယ်။ အလုပ်ရှင်က သူ့အလုပ်သမားကို ပြေစာကိုတင်ပြပြီး ကျဟန်ငန် (အလုပ်သမားနဲ့ အလုပ်အကိုင်ရှာဖွေရေးရုံး) တင်ပြပြီး ကျဟန်ငန်ကပေးတဲ့ နယ်မြေဖြတ်ကျော်ခွင့်စာရွက် တောင်းရမယ်။ အဲဒါမှ အလုပ်သမားက သတ်မှတ်ပေးထားတဲ့ရက်မှာ နယ်မြေဖြတ်ပြီး သွားလုပ်လို့ရမယ်။ အလုပ်သမားတွေအတွက် အခက်အခဲပေါ့။ နယ်မြေဖြတ်ကျော် ဆိုတာကလည်း ကိုဗစ်ကြောင့် နယ်မြေတားမြစ်ချက်တွေကတော့ လိုနေတာပဲ။”
ကိုဗစ်ကာလ အရေးပေါ်ကန့်သတ်ချက်တွေ ရှိပေမယ့် ထိုင်းနိုင်ငံသားတွေနဲ့ နိုင်ငံခြားသား ခရီးသွားတွေကိုတော့ ခရီးသွားခွင့်တွေကို ခွင့်ပြုတာတွေရှိပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကတော့ ကန့်သတ်ချက် စည်းကမ်းတွေအတိုင်း လိုက်နာနေရတယ်လို့လည်း ဦးမင်းဦးက ဆိုပါတယ်။
“တားမြစ်ချက်တွေကတော့ အတူတူပဲလေ။ ထိုင်းတွေတော့ ပြဿနာမရှိဘူး။ နိုင်ငံခြားသားတွေလည်း ပြဿနာမရှိဘူး။ ဆေးထိုးကြောင်းလက်မှတ် ပြနိုင်ဖို့ပဲ။ မြန်မာဆိုတာနဲ့တင် ပြဿနာတက်ပြီ။ အလုပ်ရှင်ဘယ်မှာလဲဆိုတာ စပြီးစစ်တယ်။ အလုပ်သမားတွေအတွက်တော့ ခရီးသွားလာဖို့ရော အလုပ်တွေ ဘာတွေ ပြောင်းရွှေ့ဖို့ရော၊ လည်ပတ်ဖို့အတွက် အခက်အခဲဖြစ်တာပဲ။ ကားလက်မှတ်တောင် ဝယ်လို့မရဘူး။ ရွှေ့ပြောင်းအလုပ်သမားတယောက်က ကားလက်မှတ်တောင် ဝယ်လို့မရဘူး။”
ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်သူ ၂ သန်းကျော်ရှိပြီး စုစုပေါင်း သေဆုံးသူကတော့ ၂၂,၀၀၀ ကျော်ရှိပြီ ဖြစ်ပါတယ်။ ဒီအတွက် ပြည်နယ်အသီးသီးမှာတော့ ကန့်သတ်ချက်တွေ တိုးမြှင့်ချထားမှုတွေ၊ ဖြေလျော့မှုတွေရှိပြီး နယ်မြေတခုတခု မတူကြဘူးလို့လည်း အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ပြောကြပါတယ်။
Your browser doesn’t support HTML5
---------------------------
(Unicode)