မြန်မာနိုင်ငံနဲ့ စီးပွားဘက် နိုင်ငံတခုဖြစ်တဲ့ ထိုင်းနိုင်ငံတို့ကြား နယ်စပ်ကုန်သွယ်မှုတွေမှာ မပြေမလည်ဖြစ်နေတာ တလနီးပါး ရှိလာပါပြီ။ ၂ ဘက်အကြား ပြေလည်မှုရဖို့ ဆွေးနွေးမှုတွေ ရှိခဲ့ပေမဲ့ အခုအထိ သဘောတူညီချက် မရသေးတာမို့ ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ မြန်မာနိုင်ငံ မြဝတီကြား နယ်စပ်ဂိတ်ကို မြန်မာဘက်က ပိတ်ထားဆဲ ဖြစ်ပါတယ်။ အဓိက နယ်စပ်ကုန်သွယ်ရာ လမ်းကြောင်း ပိတ်နေတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေ အဟန့်အတား ဖြစ်နေတာမို့ ဘယ်သူတွေ ထိခိုက်နစ်နာမှုတွေ ကြုံနေရသလဲ ဆိုတဲ့အကြောင်း ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ကုန်သွယ်ရာ မဲဆောက်-မြဝတီ နယ်စပ်ဂိတ်ကို ပိတ်ထားရတာမို့ စီးပွားရေးလုပ်ငန်းတွေမှာ ဒေါ်လာ သန်းချီ ထိခိုက်မှုတွေ ရှိနေပါတယ်။ ၂ နိုင်ငံနယ်ခြားက သောင်ရင်းမြစ်ထဲမှာ ထိုင်းအာဏာပိုင်တွေက ရေထိန်းနံရံတွေ တည်ဆောက်မှုကို မြန်မာဘက်ကကန့်ကွက်ရာက မပြေမလည်ဖြစ်ခဲ့ရတဲ့နောက် မြန်မာဘက် နယ်စပ်ဂိတ်ဖြစ်တဲ့ ချစ်ကြည်ရေး တံတားကို ပိတ်လိုက်လို့ အခုလို ကုန်စည်စီးဆင်းမှုတွေလည်း ရပ်တန့်သွားတာပါ။
ဒီလို ထိုင်းနိုင်ငံက လုပ်ရပ်ကို ကန့်ကွက်တဲ့ အနေနဲ့ တုန့်ပြန်ခဲ့တာ ဖြစ်ပေမဲ့လည်း ၂ ဘက်စလုံးအတွက် အကျိုးမရှိပဲ ထိခိုက်စရာတွေသာ ဖြစ်စရာ ရှိတယ်လို့ ဝါရှင်တန် အခြေစိုက် မြန်မာ့ရန်ပုံငွေ အဖွဲ့က စီးပွားရေး ပညာရှင် ဦးစိန်ဋ္ဌေးက မြင်ပါတယ်။
“ကုန်သွယ်ရေးမှာ အဟန့်အတား ဖြစ်လာရင်တော့ ၂ ဘက်လုံးမှာ နစ်နာကျတာပါပဲ။ ဘာကြောင့်လည်းဆိုတော့ ဒီဘက်ကကုန် ဟိုကိုပို့ရင် အဲဒီကုန်တွေအတွက် ဝင်ငွေမရဘူးပေါ့ဗျာ၊ ဒီလိုပဲ တဘက်နိုင်ငံကလည်း သူပြန်ပို့မယ့် ကုန်အတွက် ဝင်ငွေမရဘူး။ ဒါက ဝင်ငွေဘက်က နိုင်ငံတွေဘက်ကကြည့်မယ်ဆိုရင်။ ဒီလိုပဲ စားသုံးသူဘက်က ကြည့်ရင်၊ အဲဒီကုန်စည်တွေကို စားသုံးနေတဲ့ လူတွေမှာ ကုန်စည်ပြတ်လပ်တာပေါ့။ ကုန်စည်ပြတ်လပ်လာရင် ကုန်ဈေးနှုန်းတက်တဲ့ ဒဏ်ကိုခံရလိမ့်မယ်။ ဒါသီအိုရီ သဘောပဲ။ နောက်တခုက အဲဒီလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ကုန်သည်တွေ နစ်နာတာပေါ့၊ ကုန်စည်စီးဆင်းမှုကို ပိတ်လိုက်တယ် ဆိုလို့ရှိရင်။ သီအိုရီအရ ကျနော်တို့က ဒီလိုပဲ ပြောရပါမယ်။”
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်မှုတွေမှာ မြန်မာနိုင်ငံဘက်က စားသောက်ကုန်၊ ရေထွက်ပစ္စည်း အပါအဝင် ကုန်ကြမ်းတွေကို တရားဝင်ရော တရားမဝင် နည်းနဲ့ပါ တင်ပို့နေတာဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကတော့ ပလတ်စတစ်၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေး၊ ဓာတ်မြေသြဇာ၊ ဆေးဝါး အပါအဝင် လူသုံးကုန် အမျိုးမျိုးကို တင်ပို့နေတာပါ။ ဒီအတွက်ကြောင့် ထိုင်းနိုင်ငံက ကုန်သည်တွေ ကုန်တွေ မရောင်းရလို့ နစ်နာနေရသလို၊ မြန်မာကုန်သည်တွေ အဖို့မှာလည်း ကူးသန်းရောင်းဝယ်မှုတွေ မလုပ်နိုင်လို့ အဆုံးအရှုံးတွေနဲ့ ကြုံနေကြရပါတယ်။
ဒီလိုပဲ မြန်မာနိုင်ငံထဲက လူသုံးကုန်ပစ္စည်းဈေးတွေ ကြီးမြင့်လာတဲ့ဒဏ်ကိုလည်း စားသုံးသူတွေ ရင်ဆိုင်နေရပြီလို့ မြန်မာနိုင်ငံ မြဝတီနဲ့ ရန်ကုန်မြို့တို့ကြား ကုန်စည်တင်ပို့နေတဲ့ ကုန်သည်တဦးက ပြောပါတယ်။
“စားသုံးကုန် ပစ္စည်းမှန်သမျှ အကုန်တက်တာပဲ။ အချိုမှုန့်တို့၊ နို့ဆီတို့၊ အချိုရည်တို့၊ ကိုကာကိုလာတို့၊ နို့ဆီဆို တလုံးကို ကျပ် ၂၀၀ လောက်တက်တယ်။ ရန်ကုန်မှာ အရင်တုန်းက ၅၀၀ လောက်ပဲရှိတယ်၊ အခု ၇၀၀၊ ကိုကာကိုဆိုရင် ၁၀၀ လောက် တက်တယ်။ အချိုမှုန့်တွေဆိုရင် ဈေးကမတရားတက်သွားတယ်။”
ဒီလို မြန်မာကုန်သည်တွေ အဆုံးအရှုံးတွေနဲ့ ရင်ဆိုင်နေရတယ် ဆိုပေမဲ့ ကုန်သွယ်မှုတွေကို ငွေအရင်းအနှီး အလုံးအရင်း လုပ်နေတဲ့ ထိုင်းနိုင်ငံ ဘက်က ပိုလို့သာ ထိခိုက်စရာတွေ ကြုံနေရတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကနေ နယ်စပ်ကတဆင့် မြန်မာနိုင်ငံဘက်ကို ကုန်သွယ်မှုတွေဟာ လွန်ခဲ့တဲ့ ဘဏ္ဍာရေးကာလ ၃ ပတ်အတွင်း စုစုပေါင်း ဘတ်ငွေ သန်း ၂ သောင်းခွဲ (အမေရိကန် ဒေါ်လာ ၆၂၅ သန်း) ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံရဲ့ စီးပွားရေး ကိန်းဂဏန်းတွေက ဖော်ပြထားတာ ဖြစ်တာမို့ ထိုင်းနိုင်ငံကသာ နစ်နာစရာရှိရင် ပိုလိမ့်မယ်လို့ ဦးစိန်ဋ္ဌေး က ပြောပါတယ်။
“ထိုင်းနဲ့မြန်မာမှာ သေသေချာချာ တိတိကျကျ ပြန်ပြီးသုံးသပ်ပြောရမယ်ဆိုရင် နစ်နာတာချင်းအတူတူ ထိုင်းက ပိုပြီး နစ်နာတာပေါ့။ အထူးသဖြင့်လည်း ကျနော်တို့ဆီက ပို့ကုန်တွေရှိတယ်။ ကုန်ကြမ်းတွေ ခေါ်တာပေါ့ဗျာ၊ ကျွန်းသစ်တို့လို တရားဝင်ရော၊ တရားမဝင်ရော၊ သစ်တွေ၊ သတ္ထုတွေ၊ အဲဒီဘက်ကို သွားနေတယ်။ ရွှေတောင် သွားတူးနေတာတွေ ရှိတယ်လို့ ကြားတယ်။ ကျနော်တို့ဘက်က ဥပမာ တချို့ကုန်စည်တွေဆိုရင် မြဝတီ-မဲဆောက်က သွားနေတာရှိတယ်။ အဲဒီကုန်စည်တွေ ပို့နေတာတွေဟာလည်း နာမယ်။ ထိုင်းကနေပြီး သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းလုပ်နေတဲ့ ကုန်သည်တွေရှိတယ်။ ဥပမာ အထည်အလိပ် သွင်းတဲ့လူတွေရှိတယ်။ မဲဆောက်မှာဆိုရင် ကျနော့်မိတ်ဆွေတွေ ရှိတယ်။ အဲဒီအထည်ပို့တဲ့ လူတွေဆို ပိတ်ထားလို့ ဒီဘက်က ပို့မရဘူး၊ ဟိုဘက်ကလည်း သွင်းမရဘူးဆိုတော့ ဒီလုပ်ငန်းကလူတွေ နစ်နာတာပေါ့။ တချို့စားသုံး ကုန်စည်တွေ၊ နို့ဆီတို့လို၊ စားအုန်းဆီတို့လိုပေါ့၊ အချို့မှုန့်ကအစပေါ့ အဲလို ကုန်စည်တွေ တင်သွင်းတဲ့ လူတွေမှာ နစ်နာမယ်။”
ဒီလို ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေလို့ မြန်မာနိုင်ငံထဲမှာ ကုန်ဈေးနှုန်းတွေ တက်နေသလို၊ ကုန်သွယ်မှုမှာ ခန့်မှန်းချေ ထိုင်းဘတ်ငွေ သန်း ၈၀ (အမေရိကန် ဒေါ်လာ ၂ သန်း ကျော်) ဆုံးရှုံးရတယ်လို့ ထိုင်းနိုင်ငံ ကုန်သည်ကြီးများအသင်း ဒု ဥက္ကဋ္ဌ ဆွမ်ကီယက် အနုရတ် (Somkiet Anurat) က ပြောဆိုခဲ့တာပါ။ ဒီအတွက်လည်း ထိုင်းအစိုးရ တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး ဖြေရှင်းဖို့ ကုန်သည်တွေက ဖိအားပေးနေကြတာ ဖြစ်ပါတယ်။ ထိုင်းနဲ့မြန်မာ နယ်ခြားကော်မီတီကြား ဆွေးနွေးမှုတွေ ရှိခဲ့ပေမဲ့လည်း ပြေလည်မှုတွေ မရနိုင်ပဲ ဖြစ်နေဆဲပါ။ ဒီကိစ္စ အတွက် ဗီယက်နမ်နိုင်ငံမှာ ဒီလထဲကျင်းပမယ့် အာဆီယံ စီးပွားရေး ဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲအတွင်း မြန်မာတာဝန်ရှိသူတွေနဲ့ ဆက်ပြီး ညှိနှိုင်းသွားမယ်လို့လည်း ထိုင်းကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ပွန်တီဗာ နာကာဆိုင်း (Porntiva Nakasai) က ပြောဆိုထားတာ ဖြစ်ပါတယ်။
ဒီလို ၂ ဘက် နစ်နာမှုတွေ ရှိနေတာကို ထိုင်းနိုင်ငံဘက်က ဖြေရှင်းနိုင်ဖို့ အားတက်သရော ဖြစ်နေသလောက် မြန်မာဘက်က အင်တိုက် အားတိုက် မရှိတာဟာ ထိုင်းနိုင်ငံအပေါ် နိုင်ငံရေးအရ အကျပ်ကိုင်လိုတဲ့ ရည်ရွယ်ချက်တွေကြောင့်လို့ စီးပွားရေး ပညာရှင် ဦးစိန်ဋ္ဌေး က ယူဆပါတယ်။
“မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှု လုပ်လို့ရှိရင် မြန်မာနိုင်ငံက တန်ဘိုးရှိတဲ့ ပစ္စည်းတွေ ထွက်သွားတယ်၊ ဈေးပေါပေါနဲ့ ထွက်သွားတယ်။ ထိုင်းကအဲဒီ တန်ဘိုးရှိတဲ့ ကုန်ကြမ်းတွေကို ဈေးချိုချိုနဲ့ရပြီး ကမ္ဘာ့ဈေးကွက် တင်ပို့နိုင်တော့ ထိုင်းက ပိုအကျိုးရှိတယ်။ ဒါ့ကြောင့် ဒီကိစ္စမှာ ထိုင်းက အားတက်သရောနဲ့ ပြန်ဖွင့်နိုင်ဖို့ ကြိုးစားနေတာ၊ ဒါဟာ တကြိမ်မကတော့ဘူး၊ အကြိမ်များစွာ။ ဘာကြောင့်လဲ ဆိုလို့ရှိရင် နဝတ စစ်အစိုးရခေတ်ကနေ အခု နအဖခေတ် တကယ်တော့ အတူတူပါပဲ၊ နာမည်သာ ပြောင်းတာပါ၊ ဗိုလ်သန်းရွှေတို့ပါပဲ။ ဒီပုဂ္ဂိုလ်တွေက နိုင်ငံရေး ကစားနေတာ။ မြင်သာအောင် ပြန်ပြောမယ်ဆိုရင် ၂ ချက်ရှိတယ်။ နိုင်ငံတကာ စင်မြင့်မှာ နဝတ အလဲထိုးခံရပြီ၊ နိုင်ငံကြီးတွေက နိုင်ငံရေးအရ အလဲထိုးတာ ခံရပြီဆိုရင်၊ ဒီအာဆီယံ စင်မြင့်ကိုကိုင်ပြီး ထိုင်းက သူ့ကို ကျောထောက်နောက်ခံ ပေးအောင် လုပ်တယ်။ အခုလောလောဆယ်လည်း အားလုံးသိတဲ့အတိုင်း ၂၀၁၀ ရွေးကောက်ပွဲ၊ ဒါကို ခုပဲပြောနေကြပြီ။ ဖိလစ်ပိုင်တို့ ဘာတို့က ရွေးကောက်ပွဲဟာ မမျှတဘူး ဆိုတာမျိုး ပြောရင် ထိုင်းက ငြိမ်နေတယ်။ နောက်တချက်က နအဖကို ဒုက္ခပေးနေတဲ့ အတိုက်အခံ အင်အားစုတွေကို မောင်းထုတ်ပေးပါ ဆိုတာမျိုး ပြောကောင်း ပြောလာနိုင်တယ်။ စသည်ဖြင့်ပေ့ါဗျာ။ ဆိုလိုတာက အဲဒီလို အပေးအယူမျိုး လုပ်နိုင်ဖို့အတွက် နအဖဟာ နိုင်ငံရေး ကစားဖို့ စီးပွားရေး မက်လုံးကို ထိုးကြွေးပြီး ထိုင်းကို ဒီလိုလုပ်တာပဲ။ ဒါဟာ တကြိမ်လည်း မကတော့ပါဘူး။”
တကယ်တော့ ထိုင်းနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ကုန်သွယ်မှုတွေကို တိုးချဲ့ လုပ်ကိုင်နေတာဖြစ်သလို၊ ဒီနှစ်မှာ ကုန်သွယ်မှု ပမာဏဟာ ဘတ်ငွေသန်းပေါင်း ၇ သိန်းအထိ တိုးလာမယ်လို့ ခန့်မှန်းထားတာပါ။ စီးပွားရေး ဖွံ့ဖြိုးမှုတွေ ပုံမှန်ဖြစ်လာတာ၊ နယ်စပ်ကုန်သွယ်မှုတွေကနေ ထိုင်းနိုင်ငံ ထုတ်ကုန်တွေကို တင်ပို့နိုင်တာတွေကြောင့် ဒီလို တိုးလာနိုင်တဲ့အကြောင်း ထိုင်းနိုင်ငံ Kasikorn သုတေသနဌာနရဲ့ စီးပွားရေး အကဲဖြတ် ဆန်းစစ်ချက်တခုက သြဂုတ်လထဲမှာပဲ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နိုင်ငံတွေကြား သဘောတူထားတဲ့ လွတ်လပ်စွာ ကုန်သွယ်မှု စာချုပ်အရ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုတွေမှာ အခွန်အတုပ်စည်းကျပ်မှုတွေ သုည ကနေ ၅ ရာခိုင်နှုန်းအထိ လျှော့ချထားတာတွေက အကျိုးခံစားနေရတာလို့လည်း လေ့လာချက်က တွေ့ရှိခဲ့တာပါ။
ဒါပေမဲ့လည်း အခုလို မြန်မာနိုင်ငံနဲ့ မပြေမလည်ဖြစ်ရတာတွေက နယ်စပ်ကုန်သွယ်မှုတွေမှာ အဟန့်အတားဖြစ်နေရတာ၊ ဒီလိုပဲ ထိုင်းနိုင်ငံနဲ့ မကြာခန နယ်စပ်တင်းမာမှုတွေ ဖြစ်လေ့ရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံနဲ့လည်း ကုန်သွယ်မှုတွေမှာ ပြဿနာတွေ ကြုံရနိုင်တဲ့ စိမ်ခေါ်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ Kasikorn သုတေသနဌာနရဲ့ ဆန်းစစ်ချက်က သတိပေးထားတာဖြစ်တဲ့ အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။