ထိုင်းနဲ့မြန်မာ ၂ နိုင်ငံကြား အဓိက ကုန်သွယ်ရာ၊ အပြန်အလှန်ကူးသန်းရာ နယ်စပ်ဂိတ်ကို မြန်မာအာဏာပိုင်တွေက ပိတ်ထားတာ အခုဆိုရင် လနဲ့ချီရှိလာတာနဲ့အမျှ ဒေါ်လာသန်းချီ ဆုံးရှုံးမှုတွေနဲ့ ကြုံနေရပါတယ်။ နယ်စပ်ကုန်သွယ်မှုတွေ၊ အရောင်းအဝယ်တွေကို အားထားနေရသူ စီးပွားရေး လုပ်ငန်းတွေကတော့ ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ နောက်ပိုင်း အခြေအနေတွေ ပြန်ကောင်းလာလေမလား မျှော်လင့်နေကြတာပါ။ ဒီအကြောင်း နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်ကနေ ဗွီအိုအေ သတင်းထောက် Ron Corben ရဲ့ သတင်းပေးပို့ချက်နဲ့အတူ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှု အခြေအနေတွေကို ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်က အဓိက ကုန်သွယ်ရာ ၂ နိုင်ငံကြား ချစ်ကြည်ရေးတံတားကို ပိတ်ထားတာ အခုဆို ၃ လလောက် ရှိလာပြီ ဖြစ်ပါတယ်။ ထိုင်းနဲ့မြန်မာ နယ်စပ်ပြဿနာ အချေအတင် ဖြစ်စရာတွေနဲ့ ကြုံခဲ့ရပြီး အဓိကလမ်းကြောင်းကို ပိတ်ထားလိုက်တဲ့ အတွက် နယ်စပ် ကုန်သွယ်မှုတွေ ရပ်တန့်နေသလို နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက် ကမ်းနားဈေးထဲမှာလည်း အရောင်းအဝယ်တွေ ကျဆင်းလာတာပါ။
ထိုင်း-မြန်မာ နယ်နမိတ်ကို ပိုင်းခြားထားတဲ့ သောင်ရင်းမြစ်ဘေးက မဲဆောက် ကမ်းနားဈေးထဲမှာရှိတဲ့ ဈေးဆိုင်ပေါင်း ၁၄၀ ကျော်မှာ ရောင်းချနေတဲ့ ကုန်တွေထဲ ရေဒီယိုလို လျှပ်စစ်ပစ္စည်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။ ဈေးရဲ့ဘေးမှာတော့ မြန်မာနိုင်ငံ မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်တို့ကို ဆက်သွယ်ရာ ၄ လမ်းသွား ချစ်ကြည်ရေးတံတားရှိပါတယ်။ နယ်စပ်ကိစ္စ အချင်းများရာက ဇူလိုင်လမှာပဲ မြန်မာအာဏာပိုင်တွေက တံတားကိုပိတ် အဆက်အသွယ်တွေ၊ ကုန်သွယ်မှုတွေကို တားမြစ်ခဲ့တာဖြစ်ပြီး၊ ဘယ်အချိန်မှာ ပြန်ဖွင့်နိုင်မလဲဆိုတာ သိနိုင်တဲ့ အရိပ်အယောင်မျိုးလည်း အခုအချိန်အထိတော့ မမြင်ရသေးပါဘူး။ မြေသားပြုန်းတီးမှာကို တားဆီးတဲ့ အနေနဲ့ သောင်ရင်းမြစ်ထဲမှာ ထိုင်းအာဏာပိုင်တွေက ကမ်းထိန်းနံရံတွေ တည်ဆောက်မှုကို မြန်မာဘက်က ကန့်ကွက်ရာက မပြေမလည်ဖြစ်ခဲ့ပြီး တံတားကို ပိတ်ထားလိုက်တာပါ။ မြန်မာဘက်ကတော့ ထိုင်းအာဏာပိုင်တွေရဲ့ တည်ဆောက်ရေး လုပ်ငန်းတွေဟာ ၂ နိုင်ငံ နယ်နမိတ်မျဉ်းကို ထိခိုက်မှုတွေ ရှိလိမ့်မယ်ဆိုပြီး ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့က ဈေးဆိုင်တဆိုင်မှာ အလုပ်လုပ်နေတဲ့ မြဝတီမြို့ခံ မြန်မာအမျိုးသမီးတဦးကတော့ တံတားပြန်မဖွင့်မချင်း သူ အိမ်ပြန်နိုင်ဦးမှာ မဟုတ်ဘူးလို့ဆိုပါတယ်။ စစ်အစိုးရက မကြာခင်ကျင်းပပေးမယ့် ရွေးကောက်ပွဲတွေ အပြီးလောက်မှာ အခြေအနေတွေ တိုးတက်လာမယ်လို့ မျှော်လင့်တဲ့အကြောင်း ထိုင်းဘာသာနဲ့ ပြောပြပါတယ်။
“စစ်တပ်က ရှေ့လထဲမှာ တံတားပြန်ဖွင့်မယ်၊ အဲဒီအချိန်ကျရင်တော့ အိမ်ပြန်ပြီး မိသားစုနဲ့ တွေ့နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ လောလောဆယ်မှာတော့ အခက်အခဲတွေရှိတယ်၊ အရောင်းအဝယ်တွေကလည်း ကျဆင်းနေတယ်။ ဒါပေမဲ့ တံတားပြန်ဖွင့် ပြီးရင်တော့ စီးပွားရေး အခြေအနေတွေ ကောင်းလာပါလိမ့်မယ်။”
ဒေသတွင်းဆက်သွယ်ဖို့ ရည်ရွယ်ထားတဲ့ အာရှအဝေးပြေးလမ်းမကြီးရဲ့ အချက်အခြာ ရပ်နားရာ နေရာတခုလည်းဖြစ်တဲ့ မဲဆောက်မြို့က ချစ်ကြည်ရေး တံတားပိတ်ထားရတဲ့အတွက် စီးပွားရေး လုပ်ငန်းတွေမှာတော့ အကြီးအကျယ် ထိခိုက်နစ်နာမှုတွေ ကြုံနေရတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ပြည်ပကုန်သွယ်ရေးဌာနကတော့ နေ့စဉ် ဒေါ်လာ ၃ သန်းလောက်အထိ ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။ မဲဆောက်မြို့ကတဆင့် ကုန်သွယ်မှု ပမာဏဟာဆိုရင် အရင်နှစ်မှာ ဒေါ်လာသန်း ၈၆၀ လောက်အထိ ရှိခဲ့သလို ထိုင်း-မြန်မာ ၂ နိုင်ငံကြား ကုန်သွယ်မှုတခုလုံး အနေနဲ့ကတော့ နှစ်စဉ် သန်းပေါင်း ၃,၆၀၀ လောက်အထိ ရှိတယ်လို့လည်း ခန့်မှန်းထားတာပါ။
မြန်မာတူရိယာပစ္စည်းတွေ ရောင်းချနေတဲ့ မဲဆောက်မြို့က ထိုင်းဈေးဆိုင်ပိုင်ရှင် Pongsit ကလည်း အရောင်းအဝယ်တွေ အရမ်းအေးနေတယ်လို့ ဆိုပါတယ်။ မကြာခင်ရက်တွေက အားလပ်ရက် ကျောင်းပိတ်ချိန်အတွင်းကသာ အနည်းအကျဉ်း အခြေအနေကောင်းတယ်လို့ သူက ပြောပါတယ်။
“မကြာခင်တုန်းက ကျောင်းတွေပိတ်လို့ လူတွေဈေးဝယ်လာကြတာမို့ အရောင်းအဝယ်တွေ တိုးတက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း တံတားပိတ်ထားတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်တယ်၊ နှစ်စဉ်မုတ်သုန်မိုးရာသီ ဖြစ်တဲ့အတွက်လည်း ကုန်သွယ်မှုတွေ ကျဆင်းခဲ့ပါတယ်။”
မဲဆောက်မြို့က ကုန်သည်တချို့ကလည်း စစ်အစိုးရက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပဖို့ ရှိနေတဲ့ ရွေးကောက်ပွဲကို လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပပြီးတဲ့အခါ နယ်စပ်ဂိတ်ကို ပြန်ဖွင့်ပေးလိမ့်မယ်လို့ တွက်နေကြပါတယ်။ မဲဆောက်မြို့မှာ မြန်မာနိုင်ငံက ပရိဘောဂပစ္စည်းတွေ ရောင်းချနေတဲ့ဆိုင်က မြန်မာအလုပ်သမားကတော့ ထိုင်း-မြန်မာ ၂ နိုင်ငံစလုံးက မရေမရာ စီးပွားရေး အခြေအနေတွေကြောင့် ကုန်သွယ်မှုတွေ နှေးကွေးနေရတာလို့ ပြောပါတယ်။ ဒါပေမဲ့လည်း အခြေအနေတွေ ပုံမှန် ပြန်ရောက်လိမ့်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောခဲ့တာပါ။
“ရွေးကောက်ပွဲ ပြီးတဲ့အချိန်ကျရင် တံတားပြန်ဖွင့်ပြီး မဲဆောက်မြို့ကို လူတွေ ဝင်ထွက်သွားလာမှုတွေလည်း ပိုများလာတဲ့အခါ စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။”
အောက်တိုဘာလ ၁၁ ရက်နေ့တုန်းက မြန်မာနိုင်ငံကို တရက်တာ ခရီးစဉ်အဖြစ် ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိဂျာဂျီ၀ (Abhisit Vejjajiva) သွားရောက်ခဲ့တဲ့နောက် နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်မလား မျှော်လင့်ချက်တွေလည်း ကြီးထွားလာခဲ့တာပါ။ ဒါပေမဲ့လည်း ၂ နိုင်ငံနယ်စပ်ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်တွေ၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုတွေ တိုးမြှင့်ဖို့တွေ၊ ခရီးသွားလုပ်ငန်းတိုးချဲ့ဖို့ကအစ တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ရေနက်ဆိပ်ကမ်း တည်ဆောက်ဖို့အဆုံး စီးပွားရေးပူးပေါင်း ဆောင်ရွက်ဖို့အဆုံး ၂ နိုင်ငံကြား ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တာတွေ ရှိပေမဲ့ ချစ်ကြည်ရေးတံတား ပြန်ဖွင့်မယ့်အရေး ရေရေရာရာ အဖြေတစုံတရာတော့ မရခဲ့ပါဘူး။ မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန် နဲ့ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပြီး နယ်စပ်ဂိတ် ဖွင့်လှစ်ရေး ထိုင်းဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပေမဲ့၊ မြန်မာအာဏာပိုင်တွေကတော့ ပြည်တွင်းမှာ ကိုင်တွယ်ရမယ့် ကိစ္စတွေ ပြီးမှသာ ဆောင်ရွက်နိုင်မယ်လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။
စစ်အစိုးရက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအဖြစ် ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြောဆိုနေတဲ့ တချိန်တည်းမှာပဲ နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုတွေကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မြန်မာစစ်တပ်ကြား တင်းမာမှုတွေကလည်း ကြီးထွားလာနေတာပါ။ ဒီလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အများစု အခြေစိုက်ရာ နယ်စပ်ဒေသတွေမှာ စစ်ရိပ်စစ်ငွေ့တွေ သန်းနေတာ၊ နိုင်ငံရေး ပြဿနာတွေ ပြေလည်နိုင်မယ့် အခြေအနေတွေ ခိုင်ခိုင်မာမာ မရှိလှသေးတာမို့ ထိုင်းနဲ့မြန်မာ ကုန်သွယ်မှုတွေ အပေါ်မှာလည်း ဂယက်ရိုက်မယ့် အလားအလာတွေသာ တွေ့မြင်နေရတယ်လို့ ဆိုရမှာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။