၁၉၇၆ ခု သွေးထွက်သံယိုနှိမ်နင်းမှု နှစ် ၄၀ ပြည့် ထိုင်းကျင်းပ

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အောက်တိုဘာလ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အရေးအခင်းမှာ ထိုင်းအာဏာပိုင်တွေနဲ့ လက်ယာယိမ်းသမားတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ဒါဇင်နဲ့ချီတဲ့ ကျောင်းသားတွေအတွက် ရည်စူးပြီး ကျောင်းသားဟောင်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ကြာသပတေးနေ့ အာရုံဦးမှာ သံဃာတော်တွေကို အမှတ်တရ အထိမ်းအမှတ် ဆွမ်းတွေ ဆက်ကပ်လှူဒါန်းခဲ့ကြသလို အောက်မေ့ဘွယ်နေ့ကိုလည်း ကျင်းပနေကြပါတယ်။ ဒီအကြောင်း ထိုင်းနိုင်ငံက ဗွီအိုအေသတင်းထောက် Ron Corben သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

၂၀၁၄ မေလကတည်းက စစ်တပ်က အာဏာသိမ်းထားတဲ့ ထိုင်းနိုင်ငံမှာ နိုင်ငံရေးအရ အတိမ်းအစောင်းမခံတဲ့ တင်းမာမှုတွေ ရှိနေချိန်မှာပဲ ဒီအထိမ်းအမှတ်ပွဲကို ကျင်းပနေတာ ဖြစ်ပါတယ်။ မျက်မှောက်ခေတ် ထိုင်းနိုင်ငံရေးသမိုင်းအတွက် အဆိုးရွားဆုံးနေ့အဖြစ် အများက ရှုမြင်တဲ့ ၁၉၇၆ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်အတွက် အထိမ်းအမှတ် ကျင်းပပွဲမှာ ဟောပြောပွဲတွေ၊ အနုပညာပြကွက်တွေနဲ့ ယဉ်ကျေးမှု ပြပွဲလေးတွေ ကျင်းပကြတာပါ။

စစ်အစိုးရက ပွဲအားလုံးလိုလိုကို ကျင်းပခွင့်ပေးပေမဲ့ သေသေချာချာ စောင့်ကြည့်နေတာပါ။ ဒါပေမဲ့ ဟောင်ကောင်က ဒီမိုကရေစီရေးလှုပ်ရှားသူ Joshua Wong ဗုဒ္ဓဟူးနေ့ ဘန်ကောက်လေဆိပ်ကို ရောက်လာတာကိုတော့ ပေးမဝင်ခဲ့ပါဘူး။

Chulalongkorn တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရှင် Pandit Chan rocha nakil ကတော့ ဆွေးနွေးပွဲတက်ဖို့လာတဲ့ Wong ကို ပေးမဝင်တဲ့အတွက် စိတ်ပျက်မိတယ်လို့ ပြောပါတယ်။

"ချူလာလောင်ကောင်း တက္ကသိုလ်မှာ မနက်ဖြန် မိန့်ခွန်းပြောပေးဖို့ ဖိတ်ထားတဲ့ Joshua Wong ကို ဒီမနက်ပဲ ထိုင်းအာဏာပိုင်တွေ ဖမ်းသွားတာဟာ ဝမ်းနည်းဖို့ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာတဝှမ်း ဒီမိုကရေစီရေးအတွက် လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး သူ ဘာတွေပြောမယ်ဆိုတာကို သိချင်လို့ စောင့်နေကြတာမို့ပါ။"

အခုလို Wong ကို ဖမ်းဆီးခဲ့တာဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက ဖိနှိပ်ချင်နေတာကို ပြသနေတယ်လို့ Amnesty International လူ့အခွင့်ရေးအဖွဲ့ကြီးက ပြောပါတယ်။ ဒါ့အပြင် ထိုင်းအာဏာပိုင်တွေကို တရုတ်အစိုးရက သြဇာလွှမ်းမိုးနေတာနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်းလည်း ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အရင်စစ်အာဏာရှင် Thanom Kitti kachorn ကို ဖြုတ်ချပြီး ပြည်ပကို ထွက်ပြေးစေခဲ့တဲ့ ၁၉၇၃ ခုနှစ် အောက်တိုဘာလ ကျောင်းသားဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တဲ့နောက်ပိုင်း ဒီ ၁၉၇၆ ခုနှစ် အကြမ်းဖက်မှုဟာ လက်ယာယိမ်းတွေနဲ့ သူတို့ကို အထူးယုံကြည်ကြသူတွေရဲ့ လက်တုံ့ပြန်မှုလို့ အများက မြင်ကြတာပါ။ ဒါပေမဲ့လည်း ၁၉၇၆ ခုနှစ်မှာ ကျောင်းသားတွေက ပြည်တော်ပြန်လာတဲ့ Thanom ကို ထပ်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

စစ်အေးခေတ်ရဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်းအစိုးရအတွက် အင်ဒိုချိုင်းနားဒေသတွင်း ပဋိပက္ခတွေ ဖြစ်ပွားနေချိန် ၁၉၇၆ ခုနှစ်မှာ ဒီအရေးအခင်း ပေါ်ပေါက်ခဲ့တာလို့ Chulalongkorn တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရှင် Thiti nan Pongsu dhirak က ပြောပါတယ်။ ဒါပေမဲ့ အောက်တိုဘာလ ၆ ရက်နေ့ အရေးအခင်းမှာ Thammsat တက္ကသိုလ်က လူငယ်လူရွယ် ကျောင်းသူကျောင်းသား အများအပြားရဲ့ ဘဝတိုးတက်မှုတွေ သာမက တချို့အသက်တွေကိုပါ ပေးဆပ်ခဲ့ရတာလို့ ပြောပါတယ်။

"ထိုင်းနိုင်ငံမှာ အဲဒီအချိန်က အစွဲအလမ်း သိပ်ကြီးပြီး လက်ဝဲလှုပ်ရှားမှုကို ကနဦး အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် သတ်မှတ်ထားချိန်မှာ ဒီဖြစ်ရပ်က အမာရွတ်တခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ၁၉၇၃ စစ်အာဏာရှင်စနစ်ဘက်ကနေ ရပ်တည်ပြီး စစ်အာဏာရှင်ကို လက်ခံမှုလို့ မြင်ပြီး အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် အသွင်ပြောင်းသွားတာလည်း ဖြစ်ပါတယ်။"

သစ်ပင်မှာ တွဲလောင်းချည်ထားတဲ့ သေဆုံးနေတဲ့ ကျောင်းသားကို ရိုက်နှက်နေတာကို လူတွေက ဝိုင်းကြည့်နေတဲ့ AP သတင်းဓာတ်ပုံ ပေါ်ထွက်လာတဲ့နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ဒီဆန္ဒပြမှုကို အခုလို ရက်ရက်စက်စက် ဖြိုခွဲတာခံခဲ့ရတာလည်း ဖြစ်ပါတယ်။

Wisconsin တက္ကသိုလ်က ပါမောက္ခတဦးဖြစ်တဲ့ အရင် Thammasat တက္ကသိုလ် ကျောင်းသားဟောင်း တဦးကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကြ ဖစ်ရပ်ဖြစ်ပေမဲ့ ဒီအောက်တိုဘာလ ၆ ရက် ဖြိုခွင်းမှုကို တသက် မမေ့နိုင်ဘူးလို့ ပြောပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူလည်းဖြစ် ထိုင်း အထက်လွှတ်တော် အမတ်ဟောင်းတဦးဖြစ်တဲ့ Kraisak Choonhavan ကလည်း အဲဒီအချိန်က ဒီဖြစ်ရပ်ဟာ ကမ္ဘာတဝှမ်းကို ရိုက်ခတ်ခဲ့ပြီး အတိုက်အခံဖြစ်တဲ့ အထူးသဖြင့် ဒီလိုငယ်ရွယ်တဲ့ သူတွေကို အကြမ်းဖက်ခဲ့တာအတွက် တုန်လှုပ်သွားစေတယ်လို့ ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ Chris Baker ကတော့ ၁၉၇၆ ခုနှစ် ဖြစ်ရပ်ဟာ ထိုင်းလူမှုအသိုင်းအဝိုင်း အတွင်း ရှေးရိုး ကွန်ဆာဗေးတစ် အယူဝါဒ လွှမ်းမိုးမှုကနေ ဖြစ်လာတာကို ထောက်ပြနေတယ်လို့ ပြောပါတယ်။

"ထိုင်းလူမှုအသိုင်းအဝိုင်းက ကွန်ဆာဗေးတစ် အယူရှိသူတွေအဖို့ အတိုက်အခံတွေနဲ့ ပတ်သက်ပြီး အရင်တုန်းက တခါမှ တွဲပြီး မတွေးခဲ့တဲ့ လက်ဝဲဝါဒီတွေ၊ ကျောင်းသားတွေနဲ့ တောထဲက ကွန်မြူနစ်တွေကို အတူတူပဲလို့ တွေးခဲ့တဲ့ အတွေးအခေါ်မျိုး ဝင်လာပုံရပါတယ်။ ဒါပေမဲ့ တချိန်ထဲမှာပဲ လစ်ဘရယ်ကျတဲ့ နိုင်ငံရေးပုံစံ အသစ်တခုလည်း ထိုင်းလူမှုအသိုင်းဝိုင်းကြား ပေါ်ထွန်းလာခဲ့ပြီး အဲဒီမှာ အထိတ်တလန့် ဖြစ်နေတဲ့ အလယ်အလတ် အယူအဆ ရှိသူတွေပါ တွေ့လာရပါတယ်။"

၁၉၇၆ ခုနှစ် အရေးအခင်းလိုပဲ ဖြစ်စဉ်တွေနဲ့အတူ အခုနောက်ပိုင်းမှာတော့ ၂၀၁၄ မေလ အာဏာသိမ်းမှုနဲ့ လူထုကြား ရေပန်းစားတဲ့ Yingluck Shinawatra ဦးဆောင်တဲ့ အစိုးရကို ဖြုတ်ချတာမျိုးတွေအထိ ဖြစ်လာစေတာပါ။

ထိုင်းနိုင်ငံမှာ အခုအချိန်ဟာ အာဏာသိမ်းထားတဲ့ စစ်တပ်အုပ်ချုပ်မှုအောက်မှာ ရှိနေဆဲမို့ ဒါမျိုး ဖြစ်ရပ်တွေ အချိန်မရွေး ထပ်ပြီး ဖြစ်လာစေနိုင်တဲ့အတွက် အခုအချိန်ဟာ သိပ်အရေးကြီးတဲ့ အချိန်လို့လည်း ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အဆင့်ဆင့် ပြောင်းလဲလာမှုကိုကြည့်ရင် အစိုးရတွေကို စစ်တပ်က ဖြုတ်ချ အာဏာသိမ်းပြီး ရွေးကောက်ပွဲတွေ ကျင်းပပေးတာနဲ့ သံသရာလည်နေတာကို တွေ့ရတယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက ပြောပါတယ်။

လက်ရှိ စစ်အစိုးရဟာ ၂၀၁၇ ခုနှစ် နှောင်းပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကတိပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်အတွက် လူထုရဲ့ လက်ခံမှုကို မကြာသေးခင်ကမှ ရထားတာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ တုန်းက သွေးမြေကျ ဖြစ်ရပ်ကို ပြန်သတိရစေဖို့ အခုလို နှစ်ပတ်လည် အောက်မေ့ဘွယ်နေ့ ကျင်းပတာကို ထိုင်းနိုင်ငံသား အားလုံးကတော့ သဘောတူကြတာ မဟုတ်ဘူးလို့ ကျောင်းသားဟောင်းတယောက်ဖြစ်တဲ့ Chulalongkorn တက္ကသိုလ်က Pandit က ပြောပါတယ်။

ထိုင်းလူမှုအသိုင်းအဝိုင်းအတွက် သူတို့ရဲ့ လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး မမေ့ကြဖို့ ပြည်သူတွေ သိအောင် ပြောဖို့ ခက်ပေမဲ့ ဒီလို အောက်မေ့ဘွယ်အထိမ်းအမှတ်လုပ်တာကို လက်ခံအားပေးသူတွေ အတွက်တော့ ဒီ အောက်တိုဘာ ၆ ရက် အရေးအခင်းကနေ မသိသေးသူတွေအတွက် သင်္ခန်းစာတခုခုတော့ ပေးနိုင်မယ်လို့ မျှော်လင့်နေကြတယ်လို့လည်း ပြောပါတယ်။

Your browser doesn’t support HTML5

၁၉၇၆ ခု သွေးထွက်သံယိုနှိမ်နင်းမှု နှစ် ၄၀ ပြည့် ထိုင်းကျင်းပ