တက္ကဆက် ပစ်ခတ်မှုမှာ တုံ့ပြန်မှု လက်နှေးခဲ့ကြောင်း ရဲတပ်ဖွဲ့ဝန်ခံ
{{Zawgyi/Unicode}}
အမေရိကန် ပြည်ထောင်စု၊ တက်ဆက်စ် ပြည်နယ် Uvalde မြို့က မူလတန်းကျောင်း ပစ်ခတ်မှုကို ကိုင်တွယ်ရတဲ့ ရဲမှူးဟာ ကျောင်းသားတွေအတွက် အန္တရာယ်မရှိတော့ဘူးလို့ ယူဆတဲ့အတွက် သေနတ်သမားရှိနေတဲ့ စာသင်ခန်းထဲ မဝင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ တက္ကဆက် အများပြည်သူ လုံခြုံရေးဌာနအကြီးအကဲ Steven McCraw က ပြောပါတယ်။
ပစ်ခတ်မှုတွေကနေ ကျောင်းသားတွေကို ဓားစာခံ ဖမ်းဆီးတဲ့ အခြေအနေကို ပြောင်းလဲသွားပြီးလို့ ယူဆတာကြောင့် စေ့စပ်ညှိနှိုင်းမယ့်သူတွေ ရောက်လာတဲ့အထိ စောင့်ဆိုင်းဖို့ Uvalde မြို့က ကျောင်းတွေရဲ့ လုံခြုံရေးတာဝန်ယူရတဲ့ ရဲချုပ် Pete Arredondo ကတွက်ချက်ခဲ့တာလို့လည်း ပြောပါတယ်။
“ဒါဟာမှန်ကန်တဲ့ ဆုံးဖြတ်ချက် မဖြစ်ခဲ့ပါဘူး။ အင်မတန်မှ မှားတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့တာပါ။” လို့ အခင်းဖြစ်ရာ Robb မူလတန်းကျောင်းရှေ့က သတင်းစာရှင်းလင်းပွဲမှာ အများပြည်သူ လုံခြုံရေးဌာနအကြီးအကဲက ပြောခဲ့တာပါ။
ကျောင်းထဲကို အတားအဆီးမရှိဝင်ပြီး ကလေးငယ် ၁၉ ယောက်နဲ့ ဆရာမ ၂ ယောက်ကို ပစ်သတ်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် Salvador Ramos ကို ရင်ဆိုင်တားဆီးဖို့ နှောင့်နှေးခဲ့တာအတွက် အခင်းဖြစ်ရာနေရာမှာ ရှိနေခဲ့သူတွေနဲ့ ကျောင်းသားမိဘတွေက ရဲတွေကို အပြင်းအထန် ဝေဖန်နေကြတာပါ။
အထက်တန်းကျောင်း တဝက်တပျက်နဲ့ ကျောင်းထွက်ထားတဲ့ သေနတ်သမား Ramos ဟာ ရဲတွေ ဝင်မစီးခင် မိနစ် ၄၀ လောက် ကျောင်းဝင်းထဲမှာ ရှိနေတာ ဖြစ်ပြီး စတုတ္ထတန်းထဲမှာ လူပေါင်း ၂၁ ဦးကို ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်မှုဖြစ်တဲ့ စာသင်ခန်းအနီးမှာ ရဲတပ်ဖွဲ့ဝင် ၁၉ ယောက် ရှိခဲ့ပေမဲ့ ဝင်ရောက်စီးနင်းတာတွေ မလုပ်ခဲ့ပဲ၊ နယ်ခြားစောင့်တပ်ဖွဲ့က အထူးတပ်ဖွဲ့ဝင်တွေ ရောက်လာပြီးမှသာ ဝင်ရောက်စီးနင်းပြီး သေနတ်သမားကို အသေပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
............................................................
{{Zawgyi/Unicode}}